Popular Posts

Friday, May 27, 2011

Snare Interview

snare

1Grace - ကိုဖြိုးလေးနဲ့ ကိုနေ၀င်းတို့ မင်္ဂလာပါရှင်။ ညီမကတော့ MYMC က Interviewer Graceပါ။ အခုလိုSnare အဖွဲ့နဲ့ တွေ့ရတာ ၀မ်းသာပါ တယ်ရှင်။ အခုပထမဆုံး အနေနဲ့ပေါ့နော် အကိုတို့ရဲ့ နာမည်အရင်း၊ မွေး နေ့နဲ့ အကိုတို့အကြောင်းလေးတွေကို MYMC ပရိသတ်ကြီးကို မိတ် ဆက်ပေးပါဦးနော်။
ဖြိုးလေး - ကျွန်တော်ကတော့ ဘကြီးဖြိုး(ခေါ်) ဖြိုးလေးပါ။ နာမည်အရင်း ကတော့ ဖြိုးဝေမြင့်လို့ခေါ်ပါတယ်။ ကျွန်တော်ကတော့ ၂၁ ရက် ၃ လ ၁၉၈၅ ခုနှစ်က လူလောကထဲကို စရောက်ပါတယ်။
နေ၀င်း - ကျွန်တော်ကတော့ ဦးနေ၀င်းဆိုပါတော့။ တကယ်တော့ နာမည် အရင်းလည်းနေ၀င်းပါ။ မှတ်ပုံတင်နာမည်လည်း နေ၀င်းပါ။ ကျောင်းသား ကတ်ဒ်မှာလည်း နေ၀င်းပါပဲ။ ဦးနေ၀င်း လေးတစ်ခုပဲ ထွင်လိုက်တာ။ ကျွန်တော့် မွေးနေ့ကတော့ ၂၅ ရက် ၄ လပိုင်း ၁၉၈၇ ပါ။ (ရယ်လျှက်)


Grace - အခုဆိုလို့ရှိရင် အကိုတို့ Snare အဖွဲ့က အပြင်မှာရော နောက်အွန်လိုင်းပေါ်မှာပါ အရမ်းနာမည်ကြီးလာတာ တွေ့ရပါတယ်။ အဲ့ဒါ ကြောင့် အကိုတို့ကိုချစ်တဲ့ ပရိသတ်တွေအတွက် Snare ဖြစ်ပေါ်လာပုံလေးကို ပြောပြပေးပါဦးရှင်။
ဖြိုးလေး - ကျွန်တော်တို့က Snare ဆိုပြီး ဖြစ်လာတာတော့ ကြာပြီဗျ။ ဆယ်စုနှစ်တစ်ခုလောက်ရှိပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ACID စ ထွက်ကတည်းက ၂၀၀၀ ခုနှစ်တည်းက ကျွန်တော်တို့စပြီးတော့ လုပ်ကြပြီးတော့ အဲ့ဒီ့မှာ Snare ဆိုပြီးပေးထားတာ။ အရင်တုန်းကတော့ ငါးယောက်ပေါ့။ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ နှစ်ယောက်ပဲကျန်တော့တယ်။ အဲ့လိုပဲ အခက်အခဲတွေကလည်း အမျိုးစုံပဲ။ ကြားထဲမှာ အဲ့လို producer မျိုးစုံနဲ့ လူပေါင်းစုံနဲ့လည်း တွေ့ခဲ့ရတယ်။ music style လည်း မျိုးစုံလုပ်ခဲ့ဖူးပါတယ်။ အခုမှ Snare ဆိုပြီးတော့ ကျွန်တော်တို့ Snare ပုံစံလေး ဒီဇိုင်းသက်သက် ဖြစ်လာတာပါ။

Grace - အကိုတို့ တစ်ယောက်ချင်းစီပေါ့နော် အနုပညာလောကထဲကို စတင်ဝင်ရောက်လာပုံလေးကိုလည်း သိပါရစေရှင်။
နေ၀င်း - ကျွန်တော်တို့တွေအကုန်လုံးက ဟိုဟာလောက်မှာ ၈ တန်းနှစ်လောက်မှာ သီချင်းအကုန်လုံး အတူတူဆိုဖြစ်တာ။ အကုန်လုံးအတူတူ ဆိုဖြစ်တော့... ဘယ်လိုပြောမလဲ။ တစ်ယောက်ချင်းစီ ရောက်လာတာမဟုတ်ဘူး။ အတူတူ အနုပညာအလုပ်ကိုစလုပ်ပြီး  စလုပ်ဖြစ်ကတည်း က ဒီ Snare နဲ့ပဲ စလုပ်ဖြစ်ခဲ့တာ။ တခြားဟာကိုပဲ ဥပမာ ဆိုပါတော့ ခွဲပြီးလုပ်ရင်လုပ်မယ်။ တကယ်စတာတော့ Snare ကြောင့်ပဲစတာ။ Snare ကြောင့်ပဲစပြီးတော့ အဲ့လိုမျိုး ရခဲ့တာပေါ့။ ဟိုးနဂိုတုန်းကတည်းက ငယ်ငယ်လေးကတည်းက ၂၀၀၃ ၂၀၀၄ လောက်တုန်းက အဲ့မှာ ကျွန်တော်တို့ သူငယ်ချင်း ၄ ယောက်။ တစ်ယောက်က အဲ့ဒီ့တုန်းကထွက်သွားပြီ။ ၄ ယောက်ပဲရှိတော့တယ်။ အဲ့တုန်းက solo တစ်ခါထွက်ဖို့ အခွင့်အရေးရခဲ့ဖူးတယ်။ ဒါပေမယ့်အခြေအနေအမျိုးမျိုးကြောင့်ပျက်သွားတယ်။ အခွေကပြီးတော့မှမထုတ်ဖြစ်ဘူး။ အဲ့ဒါနဲ့မှ နောက်နည်းနည်း ထပ်ကြာလာတော့ နှစ်ယောက်ပဲ ကျန်တော့တယ်။ နှစ်ယောက်ပဲကျန်တော့မှ ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၁ လောက်မှာ သီချင်းစဆိုဖြစ်ပြီးတော့ ၂၀၁၀ လောက်မှာ solo ကို အဲ့လိုမျိုး ပြန်ထွက်လာနိုင်တယ်။ အဲတော့ solo ထွက်တော့လည်း Snare အနေနဲ့ပဲ solo ထွက်တာဆိုတော့ အဲ့လို သိတယ်မလား အမြဲတမ်း ဒီနာမည်နဲ့ပဲ အမြဲတမ်းရင်းနှီးနေတော့ ဒီနာမည်နဲ့ပဲရောက်လာတာပါ။
ဖြိုးလေး - ဟုတ်ပါတယ်။ ကျွန်တော်တို့လည်း အတူတူပဲ။ ကျွန်တော်တို့ ဒီ Snare က နှစ်ယောက်ပဲ။ ဒီနှစ်ယောက်က အတူတူပဲ ရောက် လာတာပါ။ ရောက်လာပြီးတော့ ဒီအနုပညာလောကထဲကိုလည်း တူတူဝင်၊ ၂၀၀၀ ခုနှစ်လောက်ကတည်း ရူးသွပ်ပြီးတော့ ၂၀၀၁ လောက်မှာ သီချင်းတွေ စလုပ်ကြတယ်ပေါ့နော်။ လုပ်ပြီးတော့ ဒီလိုပဲ ကျွန်တော်တို့ အဲ့လိုမျိုး ကြိုးစားတယ်။ အခက်အခဲတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့ မျောနေတဲ့အချိန်တွေ၊ စိတ်ညစ်နေတဲ့ အချိန်တွေလည်းရှိတယ်။ အခု ၂၀၁၀ လောက်မှ အဲဒီ Rap Game ထွက်ခဲ့တာ။ ထွက်ခဲ့ပြီးတော့ ကျွန်တော်တို့ နေရာရလာတာပေါ့နော်။ အဲ့အတွက်လည်း ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကျွန်တော်တို့ ပျော်လည်းပျော်တယ်။ ၀မ်းလည်းဝမ်းသာပါတယ်.. ဟုတ်။


2Grace - နောက် အကိုတို့အနေနဲ့ အနုပညာလောကကို စ၀င်ဝင်ချင်းမှာ အခက်အခဲ တွေတော့ တွေ့ခဲ့ရမှာပဲနော်။ အဲ့ဒီ့အခက် အခဲတွေကိုလည်း ဝေမျှပေးပါဦးရှင်။
နေ၀င်း - ကားပွဲစားတန်းတို့မှာဆိုလည်း အဲ့လိုနည်းနည်း မအူမလည်ရောက်လာရင် ဂျင်းထည့်တာလေဗျာ။ ဘယ်နေရာမှာဆို ဂျင်းဆိုတာရှိတယ်။ အဲ့ဒီ့တုန်းကကျွန်တော် တို့က ကလေးတွေဗျ။ ၁၃ နှစ် ၁၄ နှစ်သားတွေပဲရှိသေးတယ်။ ငဖြိုးကကျွန်တော်တို့ ထက် နှစ်နှစ်ကြီးတယ်။ ဒါပေမယ့် နှစ်နှစ်ကြီးတာတောင်မှ အဲ့လို ၁၅ ၁၆ ပဲ ရှိသေး တယ်။ ကျွန်တော်တို့ဆို ၁၃၊ ၁၄ ပဲရှိသေးတယ်။ အဲ့လိုမျိုး ဟဲဗီးကြီးတွေ။ အဲဒီအချိန် မှာဆို studio သွားရင်လည်း ဟိုလူကလုပ်လွှတ်လိုက်။ သိတယ်မလား။ ဟိုနေရာ သွားရင်လည်းဟိုလူလုပ်လွှတ်လိုက်။ ဟိုလူလုပ်ဒီလူလုပ်နဲ့တင် သုံးလေးနှစ်လောက် လည်တယ်တယ်ဖြစ်နေပါတယ်။ ဆရာလည်းတော်တော်များသွားတယ်။  ဆရာလည်း တော်တော်များတယ်မဟုတ်ဘူး။ ဆရာရယ်လို့ များသွားတာမဟုတ်ဘူး။ ကျွန်တော်တို့ က မသိသေးတော့ လမ်းကြောင်းကို ရှာပေးသလိုလို ရှာပေးချင်ယောင်ဆောင်တဲ့ လူတွေနဲ့တွေ့တာ။ သိတယ်မလား... အဲ့လို့။
ဖြိးလေး - Rocker နဲ့တွေ့ရင် rock ပုံ ဖြစ်သွားလိုက်။ pop သမားနဲ့တွေ့ရင် pop ပုံ ဖြစ်သွားလိုက်။ အဲ့လိုမျိုး။ ကိုယ့်ကိုကိုယ်လည်း ဒီဘက်ခေတ်လိုမျိုး အဲ့လို အရမ်းကြီး music က မဖွံ့ဖြိုးသေးဘူး။ မဖွံ့ဖြိုးသေးတော့ ကျွန်တော်တို့တုန်းက အခွေဝယ်ရ တာကအစ၊ အခွေနားထောင်ရတာကအဆုံး အကုန်လုံးက အခက်အခဲတွေပဲ။ အရမ်း ခက်တယ်။ အခွေတစ်ခွေဝယ်ဖို့ဆိုရင် အဲ့တုန်းကပေါ့ အခွေဝယ်ဖို့ဆိုရင် အခွေတစ် ခွေကို ၁၂၀၀၊ ၁၃၀၀ ရှိတယ်။ အခုခေတ်လို တစ်ခွေတည်း ၀ယ်လိုက်လို့ရှိရင် mp3 ၁၀ ချပ် ၁၅ ချပ်ပါလာတာမဟုတ်ဘူး။ အွန်လိုင်းကလည်း ဒေါင်းလုပ်ဆွဲလို့မရဘူး။ အဲ့တုန်းက အဲ့လိုအခက်အခဲတွေနဲ့ မဖွံ့ဖြိုးသေးဘူးပေါ့ အဲ့လောက်ကြီး။ အဲ့လိုမျိုးလိုက်ပြီးတော့... အချိန်ပိုကြာတာပေါ့ဗျာ။ အဲ့ဒါကြောင့်လည်း ကြာသွားတာ။


Grace - နောက် snare ဆိုပြီး အကိုတို့အဖွဲ့ကို လူသိသွားစေတဲ့ သီချင်းကလည်း Danger သီချင်းထင်တယ်နော်။ အဲ့သီချင်းလေးကို ရေးစပ် ဖြစ်ပုံလေးကိုလည်း သိပါရစေရှင်။
နေ၀င်း - ကျွန်တော်တို့ ဘော်ဒါတွေနဲ့အဲ့လို ကျွန်တော်တို့ ဘာမှ၊ ဘာမှဆိုတာ solo မထွက်သေးဘူးဗျာ။ Rap Game မလုပ်ရသေးဘူး။ Rap Game လုပ်ဖို့အတွက် စပြီးတိုင်ပင်တုန်းပဲရှိသေးတယ်။ အဲ့အချိန်မှာ ဒီတိုင်းပဲ အပြင်မှာသူငယ်ချင်းတွေနဲ့ အပြင်ကသူငယ်ချင်းတွေနဲ့ ယုန်လေးတို့ ဘာတို့နဲ့ ခရီးတွေဘာတွေ trip တွေဘာတွေ စောညီညီတို့ဘာတို့နဲ့ သီချင်းတွေဘာတွေ အဲ့လိုမျိုး သူတို့တွေနဲ့လိုက်ပြီး နယ်တွေဘာတွေမှာ သီချင်းဆိုဖြစ်တယ်။ ဆိုဖြစ်တော့ ကျွန်တော်တို့ ဘော်ဒါတွေထဲမှာ နှစ်ယောက် သုံးယောက်လောက်က တကယ် Danger။ အဲ့လိုမျိုးလုံးဝ... သူတို့ကိုဆိုရင် Danger တောင်မဟုတ်ဘူး Power Danger လို့ပါပေးထားရတယ်။ Power ပါရထားတယ်။ Danger ဆိုတဲ့ စကားကသူတို့ဆီက... အဲ့ဘဲနာမည်က Danger.. အဲ့ဒီ့ Danger ဆိုတာကို ခိုက်သွားတာ... တကယ် Danger နော်။ ကျွန်တော်တို့ ပေးထားတဲ့ နာမည်ပဲဗျာ။ သူ့ကို အရမ်းအန္တရာယ်ကြီးမို့လို့ ပေးထားတာ။ သူ့ကို နောက်ရင်း နောက်ရင်း နောက်ရင်းနဲ့ ရန်ကုန်ရောက်တော့ သီချင်းလုပ် ဖြစ်သွားတာ။

3Grace - နောက်အကိုတို့ရဲ့ single အခွေဖြစ်တဲ့ Rap Game ကလည်းတော်တော်လေး ကို အောင်မြင်ခဲ့တယ်နော်။ အဲ့ဒီ့အခွေအတွက် အကိုတို့ကြိုးစားခဲ့ရပုံလေးကိုလည်း ပြောပြပေးပါဦးရှင်။
ဖြိုးလေး - အဲ့ဒီ့အခွေအတွက်ကတော့ ၁၀ နှစ်အတိုင်းအတာတစ်ခုထိပေါ့ဗျာ။ ကြိုးစား လာရတာ။ ရှေ့ရင်းနှီးမှုတွေ ရင်းနှီးမှုတွေနဲ့ Rap Game ဆိုတဲ့အခွေ ရလာတာပါ။ ကျွန်တော်တို့ အများကြီးပဲကြိုးစားခဲ့ရတယ်။ ဒါပေမယ့် စိုင်းစိုင်းနဲ့တွေ့ပြီး အခွေကိုစပြီး လုပ်တဲ့အချိန်က တစ်နှစ်ခွဲလောက်ကြာတယ်။ တစ်နှစ်ခွဲလောက်အတွင်းကို ကျွန်တော် တို့ အကောင်းဆုံးဖြစ်အောင် လုပ်ပြီးတော့ သီချင်းဟောင်းတွေ နှစ်ပုဒ်လောက် ပြန် ထည့်ပြီးတော့ ကျွန်တော်တို့သေချာလုပ်ထားတာပါ။ အခက်အခဲတွေတော့ အများကြီးပဲ။ ဘတ်စ်ကားနဲ့သွားတယ်။ ပြန်လာရင် အဲ့လို ဟိုမှာစားစရာမရှိရင် မစားဘူး။ ပြီးရင် လမ်းလျှောက်ပြန်လာတယ်။ အဲ့လိုမျိုးတွေလည်း အများကြီးပါ။

Grace - နောက်ထပ် single အခွေတွေရော ထွက်ဖို့စီစဉ်ပြီးသွားပြီလားရှင်။ ဘယ်တော့ လောက်ထွက်ဖြစ်မလဲ မသိဘူးနော်။
နေ၀င်း - ကျွန်တော်တို့ အခု ဒုတိယအခွေထွက်မှာ။ ကျွန်တော်တို့ လုပ်ထားတယ်။ လုပ်ထားတယ်ဆိုတာ ကျွန်တော်တို့ တ၀က်လောက်ပြီးပြီ။ အခွေ title တွေဘာတွေ နည်းနည်းပါးပါး အကြမ်းဖျင်းတော့ နည်းနည်းပါးပါးစဉ်းစားထားတယ်။ ဒီဇိုင်းလုပ်မယ့် ပုံတွေဘာတွေလည်း အားလုံး စဉ်းစားထားပြီးသွားပြီ။ ကျွန်တော်တို့ သေချာတယ်။ သင်္ကြန်ကျော်လို့ရှိရင် ကျွန်တော်တို့ထွက်မယ်။ သတင်းကျွတ်တို့ဘာတို့အထိ မရောက် ဘူး။ အဲ့ဒါ ထွက်မယ်။ အမြန်ဆုံးဖြစ်အောင်ထွက်မယ်။ ကျွန်တော်တို့ အမြန်ဆုံးဖြစ်အောင်ကိုထွက်မှာ။ လုံးဝစောင့်မှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ပြီးတာနဲ့ ကျွန်တော်တို့ထွက်မှာ။ လော လောဆယ်က မထွက်သေးဘူးဆိုတာက ဘာမှလုပ်နေတာမဟုတ်ဘူး။ မပြီးသေးတာ။ အဲ့လိုမျိုး။ ကျွန်တော်တို့က ထွက်စရာရှိရင် ထွက်မယ်။ လောလောဆယ်တော့ မပြီးသေးဘူး။

Grace - အကိုတို့ရဲ့ Snare က G family ကပဲနော်။ အဲ့တော့ G family အနေနဲ့ရော အားလုံးပေါင်းပြီးတော့ အခွေတွေထုတ်ဖို့ ရှိပါသေး လားရှင်။
ဖြိုးလေး - ရှိပါတယ်။ ကျွန်တော်တို့ အဲ့အခွေက စတည်နေတာ တော်တော်ကြာပြီ။ G family အနေနဲ့ပေါ့။
နေ၀င်း - အဖွဲ့စတည်ကတည်းက တည်လာလိုက်တာ အခွေပေါင်းမြောက်များစွာ အခုအချိန်အထိပေါ့။
ဖြိုးလေး - G family Present ဆိုပြီး ကျွန်တော်တို့လုပ်မယ်ပေါ့။ Snare, One way, Hit 2, nine one, Young G family (Player K, Doe Doe, Satan), Ghetto 8 (အောင်သူ၊ ကြည်သာ) အကုန်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီ့အခွေလေးကို ရအောင်လုပ်မှာပါ။ အခုက အားလုံးက ကိုယ့်လုပ်ငန်းကို ၀င်နေကြတာ FM တွေမှာကောဘာတွေကော။ ကျွန်တော်တို့သေသေချာချာ စည်းစည်းလုံးလုံးနဲ့ သီချင်းက သိပ်မလုပ် ဖြစ်ဘူး။ လုပ်တော့လုပ်ဖြစ်တယ်။ ဒါပေမယ့် အရမ်းနည်းတယ်။ အားလုံးကတွေ့လို့ရှိရင် အလုပ်တွေများနေတော့။ လုပ်လို့ရှိရင် ပြဲဖို့လောက်ပဲ များနေတာ။ အဲ့ဒါကြောင့်မို့လို့ သိပ်မလုပ်ဖြစ်တာ။ ရအောင်တော့ ထုတ်မှာပါ။ ဒီနှစ်အတွင်းမှာတော့ ကျွန်တော်တို့ရအောင်လုပ်မှာပါ။
နေ၀င်း - ကျွန်တော်တို့တွေ ဒီပရိသတ်တွေဆီကို ပို့တဲ့အခွေတွေ မထုတ်နိုင်ခဲ့ပေမယ့် အဲ့လိုမျိုး sample လေးတွေတော့ နဂိုတုန်းက sample တွေ လွန်ခဲ့တဲ့ ၂ နှစ်လောက်က sample တွေတော့ ထွက်ဖြစ်တယ်။ G Family Represent ဆိုပြီးတော့ ကျွန်တော်တို့သူငယ်ချင်းတစ် ယောက် မန္တလေးကသူငယ်ချင်းတစ်ယောက်ကိုလည်း ကျွန်တော်တို့တွေလုပ်ပေးတယ်။ ပြီးတော့ ကျွန်တော်တို့ snare ရဲ့ ဟိုဟာထွက်တယ်။ sample တွေဘာတွေထွက်တယ်။ 9 one ရဲ့ sample တွေဘာတွေထွက်တယ်။ G family represent ဆိုပြီးတော့ အဲ့လိုမျိုးသေးသေးလေး တွေတော့ လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့လူကလည်း အရမ်းများတော့ စုရတဲ့အတိုင်းအတာကလည်း တစ်ခုရှိတယ်။ တစ်ယောက်အား တဲ့အချိန်ဆို တစ်ယောက်ကမအား။ တစ်ယောက်အားတဲ့အချိန်ဆို တစ်ယောက်ကမအား။ အဲ့ဒါနဲ့အဲ့လိုမျိုး လုံးလည်ချာလည် လိုက်နေရင်းနဲ့မှ ကျွန်တော်တို့ ရှိုးတွေရော ကျွန်တော်တို့ အခွေထဲမှာပါတဲ့ ဟာတွေကိုရော ကျွန်တော်တို့ သေသေချာချာ စစ်စစ်စီစီနဲ့တော့ လုပ်ကြပါတယ်။  ရှိုးတွေဘာတွေဆိုလည်း ရှိုးဆိုခါနီးလို့ အရေးကြုံရင်တော့ သွေးစည်းတယ်။ ဒီတိုင်း အေးအေးဆေးဆေးပဲသွားရင်တော့ အေးအေးဆေး ဆေးပဲနေနေတယ်။ အဲ့လိုမျိုးလေးပေါ့။


4Grace - အခုလောလောဆယ် အကိုတို့ရဲ့ အနုပညာလှုပ်ရှားမှုလေးကိုလည်း သိပါရစေရှင်။
ဖြိုးလေး - အခုလောလောဆယ်တော့ ကျွန်တော်တို့ ဒုတိယအခွေ လုပ်နေ တယ်။ အတွဲအခွေတွေ လုပ်နေတယ်။ အတွဲအခွေက သင်္ကြန်ပြီးလို့ရှိရင် ကျွန်တော်မင်းသား ဆိုတဲ့ အခွေထွက်လိမ့်မယ်။ အဲ့အခွေမှာ ကျွန်တော်တို့ မိုးမိုးနဲ့ဆိုထားတဲ့ သီချင်းပေါ့နော်။ အဲ့အခွေကို title ပေးဖြစ်ဖို့ များနေတယ်။ အဲ့ဒါ ကျွန်တော်မင်းသားဆိုပြီးတော့ ကျွန်တော်တို့ မိုးမိုးဒီဇိုင်းနဲ့ ကျွန်တော်တို့ snare ဒီဇိုင်းနဲ့ပေါင်းပြီးတော့ တစ်ပုဒ်ရှိတယ်။ နောက်ပြီးတော့ သဇင်နဲ့ ဆို ထားတဲ့ တစ်ခွေရှိတယ်။ အတွဲခွေပေါ့။ အဲ့ဒါကလည်း တစ်ပုဒ်ပါမယ်။ အဲ့ထဲမှာ အဲ့သီချင်းတစ်ပုဒ်ပါမယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ အဲ့ဒီ့ မော်ဒယ်ရှိုးပေါ့။ အတွဲခွေကတော့ သုံးခွေလောက်ရှိမယ်ဗျ။ အဲ့အခွေတွေရှိပါတယ်။ ပြီးတော့ ဒုတိယအခွေလုပ်နေတယ်။


Grace - အခုခေတ် Hip Hop လောကကိုကော ဘယ်လိုများ မြင်ကြပါသလဲရှင်။

နေ၀င်း - အခုခေတ် Hip Hop လောကက ဘယ်လိုပြောမလဲ နဂိုလိုတော့ မဟုတ်တော့ဘူး။ ကိုယ်ကြိုက်တဲ့ဟာကို ကိုယ်လုပ်တဲ့အချိန်ကို ရောက်နေပြီ။ Rule မရှိတော့ဘူး။ ဘာလုပ်ရမယ် ဘာလုပ်ရမယ်၊ gangster ဟစ်ဟော့မှ ဟိုဟာမှ ဒီဟာမှ မဟုတ်တော့ဘူး။ ဟစ်ဟော့ထဲမှာမှ ကိုယ့်ဟာကို ကိုယ့် creation နဲ့ကိုယ် လုပ်လို့ရသမျှ လူငယ်တွေအကုန်လုံးလုပ်တယ်။ အခုက အဲ့လိုအချိန်ကိုရောက်နေပြီ။ အဲ့လိုအချိန်ကို ရောက်နေပြီဆိုတော့တော့ သီချင်းထွက်နှုန်းလည်း မြန်တယ်။ အခုတော့ လွဲရင်လွဲဦးမယ်ဗျ။ နောက် နှစ်နှစ်၊ သုံးနှစ်၊ လေး၊ ငါး နှစ်လောက်ဆိုရင် အဲ့လူတွေ လွဲမှာမဟုတ်တော့ဘူး။ အဲ့လိုမျိုးပေါ့။ ဘယ်လိုဖြစ်လာလဲဆိုတော့ ကိုယ့်စတိုင်လ်နဲ့ကိုယ် ရပ်တည်နိုင်အောင်လို့ လူငယ်တိုင်း လူငယ်တိုင်း လုပ်နေကြတယ်လို့ ကျွန်တော်တော့မြင်တယ်။ အခုလောလောဆယ် ကျွန်တော်တို့ ဟစ်ဟော့လောကရဲ့ အခြေအနေက အဲ့လိုမျိုး။ စတိုင်လ်... ကိုယ့်စတိုင်လ်နဲ့ ကိုယ်ဖြစ်အောင်လုပ်နေကြပြီ။ စတိုင်လ်မရှိတဲ့ကောင်က ဒိုးမှာပဲ။ သိတယ်မလား... ကိုယ်ပိုင်မရှိတဲ့ကောင်က လစ်မှာ။ အဲ့လိုမျိုး အဲ့လိုမျိုး ကျွန်တော်တို့တော့မြင်တယ်။

Grace - Snare အဖွဲရဲ့ တစ်ခုခုတော့မှားနေပြီနဲ့ အမုန်းမြို့သူတွေကလည်း အရမ်းကို အောင်မြင်ခဲ့တယ်နော်။ အဲ့သီချင်းတွေကိုရော ဘယ်လို idea မျိုးနဲ့ ရေးဖြစ်သွားတာပါလဲရှင်။ နောက်ပြီးတော့ မသီရိဆွေတို့ မ၀ိုင်းဆုတို့နဲ့တွဲဆိုဖို့ကော ဘယ်လိုစီစဉ်ဖြစ်သွားတာလဲ ပြောပြပေးပါရှင့်။
ဖြိုးလေး - ပထမအခွေတုန်းကတော့ အဲဒီ Rap Game ထဲမှာကတော့ တစ်ခုခုမှားနေပြီကတော့ သီရိဆွေအသံကိုကြိုက်လို့။ သူနဲ့လည်း ဆိုချင်တယ်။ အဲ့လိုမျိုးလေးတွဲဆိုမယ်ဆိုပြီးတော့ အဲ့သီချင်းလေးကိုလုပ်လိုက်တာ။ အဲ့သီချင်းလေးကလည်း ကောင်းပါတယ်။ ကျွန်တော်တို့ ဒီအမုန်းမြို့သူကျတော့ အတွဲခွေ။ အဲ့ဒီ့အမုန်းအခွေထဲမှာ ကျွန်တော်တို့ကို သီချင်းအပ်တယ်ပေါ့နော်။ အမုန်းသီချင်း မုန်းရမယ်ဆိုတဲ့သီချင်း တစ်ပုဒ်ရေးရမယ်ဆိုလို့ ကျွန်တော်တို့ အဲ့ဒါလေးကို စဉ်စားပြီးတော့။ သူများနဲ့လည်း မတူချင်ဘူး။ မတူချင်တော့ စာသားလေးတွေလည်း ထူးထူးခြားခြားလေးတွေ လုပ်ထားတယ်။ မယ်လိုဒီကလည်း သေချာရေးထားပါတယ်။ စာသားတွေရော သေသေချာချာ ဂရုစိုက်ပြီး လုပ်ထားတာ။ မိုးမိုးတီးပေးထားတာ။ တီးပေးထားတာလည်း နည်းနည်း အဲလို rock နည်းနည်းဆန်တယ်။ chorus တွေဘာတွေဆိုလည်း... အဲ့လိုပုံစံလေး သက်သက်လုပ်ထားတာပါ။ Eminem တို့လို ဘာတို့လို။
နေ၀င်း - နာကျည်းမှုအကြွင်းအကျန်လေးတွေနဲ့ အဲ့လိုမျိုးလုပ်ထားတာ။ (ရယ်လျှက
်)

5Grace - အကိုတို့သီချင်းတွေရေးတဲ့အခါမှာ ဘယ်လိုခံစား ချက်မျိုး ဘယ်လိုစိတ်ကူးမျိုးနဲ့ ရေးလေ့ရှိပါသလဲရှင်။
နေ၀င်း - ကျွန်တော်တို့က... ခုနကပြောသလို ကျွန်တော် တို့က ၁၀ နှစ်လောက်မှာ လူပေါင်းစုံနဲ့တွေ့ရတယ်ဗျ။ လူပေါင်း စုံနဲ့တွေ့ရတယ်ဆိုတော့ ကျွန်တော်တို့မှာ အရိုးစွဲ နေတစ်ခုက ကျွန်တော်တို့ကို နှိမ်တယ်ဗျ။ အဲ့တစ်ခုက အရိုးစွဲနေတယ်။ ကျွန်တော်တို့က တော်တော်ကြာကြာကြီး နေရတာ။ Underground မင်းသားတို့ဘာတို့ပြောတာတွေ၊ မပြောတာတွေတော့မသိဘူး။ ကျွန်တော်တို့ကို သိတယ်မ လား။ Undeground မှာ အကယ်ဒမီ ပေးမယ်ဆိုရင် G family အုပ်စုကို ပေးရလိမ့်မယ်ထင်တယ်။ ကျွန်တော်ထင် တာတော့။ အဲ့လောက်ထိတောင် ကြာတယ်။ အဲ့ဒီတော့ ကျွန်တော်တို့မှာက အဲ့ဒီ့အတွင်းကြေ... ကျွန်တော်တို့ကို ချေထားတဲ့စကားလုံးတွေ အများကြီးရှိတယ် ကျွန်တော်တို့ လောကမှာဗျာ။ ဘယ်လိုပြောရမလဲ.. ကျွန်တော်တို့က အောက်ကကောင်တွေ။ အောက်ကကောင်တွေဆိုတော့ ရှင်းရှင်းပြောရင် ခံပက်တယ်။ သိတယ်မလား... အဲ့ဒီတော့ နည်းနည်းကြမ်းတယ်။ အပက်ကြမ်းတယ်။ (ရယ်လျှက်) အဲ့ဒီတော့ ကျွန်တော်တို့ snare က အဓိကလုပ်လို့ရှိရင် အရွဲ့တိုက်တာကများတယ်။ ကျွန်တော်တို့က ဒီနေရာကျွန်တော်တို့သွားတယ်။ ကျွန်တော်တို့ကို ဘလိုင်းကြီး မသွားနဲ့လို့ပြောလို့ရှိရင် ကျွန်တော်တို့က ဘာဖြစ်ဖြစ်သွားမှာ။ ဒါပေမယ့် အဲ့ဒါက မိုက်လို့တော့ မဟုတ်ဘူး။ မိုက်ရိုင်းလို့လည်း မဟုတ်ဘူး။ ဆိုးလို့လည်းမဟုတ်ဘူး။ ကျွန်တော်တို့ကရွဲ့တာ။ သိတယ်မလား... အခု ဆေးလိပ်မသောက်နဲ့ဆို၊ သောက်မယ်။ အဲ့လိုမျိုး။ ရွဲ့တယ်။ ကျွန်တော်တို့ကို အဲလိုအူကြောင်ကြောင်လုပ်ရင် ကျွန်တော်တို့က ရွဲ့တာပေါ့။ အရွဲ့တိုက်ပစ်လိုက်မှာ။ သရော်ပစ်မှာ။ အဓိကက ကျွန်တော်တို့ရဲ့ သီချင်းတွေက သရော်တာများတယ်။ လူများကို စကားပြောနေရင်းနဲ့ အဲလိုဝတ်ထားတာတွေဘာတွေ ကျွတ်ထွက်သွားအောင် ကျွန်တော်တို့ကသရော်နိုင်တယ်။ ကျွန်တော်တို့မှာ အဲဒီပါရမီနဲ့ ပညာတော့ပါတယ်။ စကားပြောရင်လည်း လူများမခံချင်အောင်၊ လူများစိတ်နာသွားအောင်ကို ရွေးပြီးပြောတတ်တယ်။ ကျွန်တော်တို့ရဲ့ အဓိကဟာကအဲလိုမျိုးပေါ့။ ရွဲ့တယ်၊ ကျွန်တော်တို့ သရော်တယ်။ main stream က ကျွန်တော်တို့ရဲ့အဓိကလိုင်းက အဲ့လိုင်း။
ဖြိုးလေး - သရော်တယ်။ ရွဲတယ်။ အဲ့လိုမျိုး ခံစားချက်တွေကိုပေါ့။
နေ၀င်း - တကယ့်အစစ်အမှန် များတယ်ဗျာ။ ဥပမာဆိုရင် ကျွန်တော်တို့မြင်ရတဲ့ဟာကို ကျွန်တော်တို့ကတကယ်သရော်လိုက်တာ။ တကယ့် ဖြစ်ရပ်တွေကို ကျွန်တော်တို့ကတကယ်ရေးနိုင်တယ်။ ကျွန်တော်တို့သရော်တဲ့ဟာတွေက အဲ့လိုမျိုးတကယ်ရှိတယ်။ အဲ့လိုမျိုးတကယ် ရှိတဲ့ဟာတွေကို ကျွန်တော်တို့ကသရော်တာ။ အဲ့လိုမျိုးတော့ ကျွန်တော်တို့ရဲ့ music style က။ အဲဒီ့တော့ ဘာပဲပြောပြောဗျာ နောင်ကျရင် အနေအထိုင် ဆင်ခြင်ကြတာပေါ့ Snare ရှေ့ရောက်လို့ရှိရင်။ Snare တွေရှိတယ်။ အလိုက်သိတို့ဘာတို့ဆိုတာ အဲဒါ။ ကျွန်တော်တို့ရှေ့မှာ အဲလိုမျိုး စွပ်ကျဲလိုက်တာတို့ ဘာတို့ဆိုရင် နာမယ်။ (ရယ်လျှက်)




သီချင်းတွေကို ဒီမှာ Download ပါ။
Grace - အကိုတို့ရဲ့ သီချင်းစာသား၊ ဆိုပုံဆိုဟန်က တခြား rapper တွေနဲ့မတူပဲနဲ့ ရသတစ်ခုကို ပေးတယ်လို့ ခံစားရပါတယ်ရှင်။ အဲဒီ တော့ အကိုတို့အနေနဲ့ ဒီလိုမျိုးရသတစ်ခုကို ပရိသတ်ကို ပေးနိုင် အောင်လို့ ၂ ယောက်အတူ ဘယ်လိုများ လုပ်ထားပါသလဲရှင်။

နေ၀င်း - ခုနက ဟာတွေပဲလေ။ ကျွန်တော်တို့ရဲ့ ရွဲ့တဲ့ဟာတွေ ဘာတွေ စာသားတွေက။ ၂ ယောက်ကအတူတူ။ ကျွန်တော်တို့ ခုနကပြောသလို စာသားတွေက ရှေ့ကစာတွေနဲ့လည်း ကျွန်တော် တို့က ပြန်ဆက်လို့ရတယ်။ ဟိုးရှေ့မှာ ကျွန်တော်တို့ပြောထားတာ။ ကျွန်တော်တို့စပေါ်လာကတည်းက အနုပညာလောကထဲ ၀င်လာ ကတည်းက Snare ဆိုတဲ့ ကျွန်တော်တို့ ဒီသူငယ်ချင်းတွေက အတူတူရောက်လာတာ။ ကျွန်တော်တို့ ဒီသူငယ်ချင်းတွေက အတူတူ ရောက်လာပြီးတော့ ကျွန်တော်တို့အဖွဲ့ထဲမှာ သီချင်းဆိုဖြစ်လို့ရှိရင်လည်း ကျွန်တော်နဲ့ငဖြိုးနဲ့က ဟိုးငယ်ငယ်လေးကတည်းက ကျွန်တော် တို့အတူတူ အတွဲညီတယ်။ အတွဲအညီဆုံးအတွဲလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ ဟိုးနဂိုလူအများကြီးကတည်းက အဲလိုမျိုးညီတယ်။ နောက်ဆုံးဘယ်သူမှ မရှိရင်တောင် အဲဒီအချိန်တုန်းက တချို့တွေအဆင်မပြေလို့ သီချင်းမဆိုဖြစ်ရင်တောင်မှ ရှိုးတွေဘာတွေ ကျွန်တော်တို့ Snare နှစ်ကောင်တည်း သွားဆိုတာ။ အဲလိုမျိုးထဲက ကျွန်တော်တို့က။
ဖြိုးလေး - အရင် ၄ ယောက်။ ၅ ယောက်ပြီးသွားတော့ တစ်ယောက်ထွက်သွားပြီးတော့ ၄ ယောက်ကတည်းက အဲလိုမျိုးသီချင်းတွေက အားလုံးက ၄ ယောက် ရေးကြမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ၂ ယောက်ပဲ အရင်ပြီးတာ။ အရင်ပြီးပြီး တန်းလန်းကြီးတွေ သီချင်းတွေက။ အဲလို ၂ ယောက်တည်း။ ၂ ယောက်တည်းဟာတွေနဲ့ အများကြီးပဲ။
နေ၀င်း - အဲလိုတန်းလန်းကြီးတွေ။ ပြီးတော့ chorous တွေဘာတွေဆိုလည်း အဲ့တုန်းကတည်းက ကျွန်တော်တို့ ၂ ကောင်ပဲစဉ်းစားတာ။ သီချင်းအိုင်ဒီယာတွေ ဘာတွေလည်း။ တခါတလေတော့ စပ်ပိုင်စိုးတို့ဘာတို့လည်း စဉ်းစားတယ်။ ကျွန်တော်တို့ member ဟောင်းတွေ။ ပုံမှန်တီးပေးတာက နောက်တစ်ကောင်ရှိတယ်။ သီချင်းအိုင်ဒီယာနဲ့ စာသားတွေက အဓိကက ငယ်ငယ်လေးတည်းကလုပ်တာက ဒီကောင်နဲ့ ကျွန်တော်နဲ့ လုပ်တာများတယ်။ အဲ့လိုမျိုးဆိုတော့ ကျွန်တော်တို့မကျေနပ်ရင်၊ ခံရရင်လည်းဗျာ အတူတူခံရတာ သိလား။ ကျွန်တော်တို့ကို နေ၀င်းကိုမှ၊ ဖြိုးလေးကိုမှ၊ ဘယ်သူ့ကိုမှ၊ ဘယ်သူ့ကိုမှဆိုပြီး နှိမ်လိုက်တာမဟုတ်ဘူး။ နှိမ်လိုက်ရင် Snare တစ်ဖွဲ့လုံးကိုနှိမ်လိုက်တာ။ အဲ့လိုမျိုး တစ်ခုခုလုပ်လိုက်ပြီ၊ ခံရပြီဆိုရင် Snare တစ်ဖွဲ့လုံးခံရတာ။ အဲ့လိုမျိုး ခံရတာတွေ၊ ခံရတာတွေများတော့ ကျွန်တော်တို့မှာ ခံစားချက်ကတူတယ်။
ဖြိုးလေး - အခုအချိန်ထိလည်း ခံနေရတုန်းပဲ။ အခုအချိန်ထိ တင်းနေတုန်းပဲ။
နေ၀င်း - အခုအချိန်ထိလည်း သာယာတယ်လို့တော့ မထင်နဲ့။ တင်းနေတုန်းပဲ လမ်းမှာ။ အဲလိုမျိုးပေါ့ဗျာ။ အဲတော့ ကျွန်တော်တို့မှာ ခံစားချက်တွေတူတယ်။ အဲ့လိုမျိုးဆိုတော့ ကျွန်တော်တို့ထွက်တဲ့ သီချင်းတွေနဲ့ ကျွန်တော်တို့ရေးတဲ့ သီချင်းတွေ။ ကျွန်တော်တို့ အိုင်ဒီယာတွေကအစ အကြိုက်ချင်းတွေကလည်း တူတယ်ဗျာ။ နေ့တစ်ဒူဒူ ဒီရုပ်တွေပဲမြင်ရတာ။ အိမ်ကလူတွေနဲ့တောင်မှ တခါတလေကျရင် မအိပ်ကြဘူး။ သူငယ်ချင်းတွေနဲ့ စုစုပြီးတော့ အမြဲတမ်းအဲ့လိုမျိုးနေဖြစ်တယ်။ အဲဒါ ကျွန်တော်တို့ရဲ့ Life။ ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ နေထိုင်ပုံတွေက အဲလိုမျိုးဆိုတော့ အဲဒီ့အတွက်တော့ စိတ်မပူရပါဘူး။
ုဖြိုးလေး - နောက် ကျွန်တော်တို့က အဲ့လိုမျိုး ဘကြီးဖြိုးနဲ့ ဦးနေ၀င်းဆိုပြီးတော့လည်း သက်သက်ကိုယ့် nick name လေးတွေပေးထားတော့ မဆိုးဘူး။ မိုက်တယ်။ အဲဒါလေးတွေက ကျွန်တော်တို့အထာလေးတွေ။ သိတယ်မလား။ ဘာမှန်းမသိဘူး အဲ့လိုမျိုး။
နေ၀င်း - online မှာ တော်တော်များများက ရှေ့မှာအဲလို ၁၆ နှစ်၊ ၁၇ နှစ်၊ ၁၈၊ ၁၉ လေးတွေက ရှေ့မှာ တော်တော်အသက်ကြီးတဲ့ နာမည်တွေ တတ်လာကြတယ်။ ဒေါ်တို့၊ Uncle တို့၊ Aunty တို့၊ ဦးလေးတို့၊ ဖိုးဖိုးတို့၊ မောင်တို့ဘာတို့ တတ်လာတယ်။


6Grace - နောက် အကိုတို့က အခုအနုပညာလုပ်ငန်းတွေနဲ့ အချိန်ကုန် နေတာဆိုတော့ အကိုတို့ရဲ့ personal life ကိုရော ဘယ်လိုအချိန်ပေးပါ သလဲရှင်။ ပညာရေးတို့၊ မိသားစုတို့ကိုပေါ့နော်။
နေ၀င်း - ကျွန်တော်တို့ရဲ့ ဘယ်လိုပြောမလဲ။ ကျွန်တော်တို့ရဲ့ Life ကို က ကျွန်တော်တို့က ဒီအနုပညာအလုပ်ကြီးကို သက်သက်အချိန်ပေး ထားတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဘ၀ကိုက နဂိုတုန်းကလည်း ဒီအလုပ်တွေ မလုပ်ရခင်တုန်းကလည်း ကျွန်တော်တို့ ဒီအတိုင်းပဲဗျ။ အခုနည်းနည်း ပိုလုပ်လာရတာလောက်ပဲရှိတယ်။
ဖြိုးလေး - အရင်တုန်းကတော့ အိမ်ကလူတွေက အလုပ်လို့မထင်ဘူး ဒီကိစ္စကို။ ဒါပေမယ့် အခုနောက်ပိုင်းတော့ အလုပ်ဆိုတာလို့ သူတို့ထင် လာတယ်။ အဲတော့ဘာမှမပြောတော့ဘူး။ ဒါပေမယ့်အခုအချိန်ထိလည်း ကျွန်တော်တို့ ဘာမှမကူညီနိုင်ပါဘူး။ ဒီလိုမျိုးပဲ တခါတလေကျမှပဲ နည်း နည်းပါးပါး ကူညီဖြစ်တာ။ ပညာရေးကတော့ ပြီးသွားပြီ။ ကျွန်တော်က ဘွဲ့ရပြီးသွားပြီ။ အဲဒါကြောင့်။
နေ၀င်း - ကျွန်တော်ကတော့ ပညာရေးမှာ နည်းနည်းချို့တဲ့တယ်။ ဘွဲ့မရသေးဘူးလို့ပဲ မှတ်ထားလိုက်ပါ။ (ရယ်လျှက်)

Grace - အကိုတို့ရဲ့ အချစ်ရေးကိုလည်း နည်းနည်းစပ်စုမယ်နော်။ ရည်ရွယ်ထားတဲ့သူတွေများ ရှိနေပြီလားရှင့်။
ဖြိုးလေး - ရည်ရွယ်ထားတဲ့သူ ရှိပါတယ်လို့ပဲ ဖြေချင်ပါတယ်။
နေ၀င်း - ရှိတာပေါ့.. ရည်ရွယ်ထားတဲ့သူက။ ဒီအရွယ်မှ အမြီးမပေါက်ရင် ဘာမျောက်လဲလို့မေးမှာပေါ့။ (ရယ်လျှက်)
ဖြိုးလေး - ဒိုဘာမင်မျောက်လို့..


Grace - အခုသင်္ကြန်နီးလာပြီဆိုတော့ သင်္ကြန်မှာ အကိုတို့ဘာအစီအစဉ်တွေ ရှိပါသေးလဲရှင်။
ဖြိုးလေး - သင်္ကြန်က အခုအစီအစဉ်ကတော့ မန္တလေးသွားချင်တာခင်ဗျ။ ကျွန်တော်သွားချင်တာ။ ဒါပေမယ့် မန္တလေးလည်း အခုဘယ်သူမှ မငှားသေးဘူး ကျွန်တော်တို့ကို။ အဲဒါကြောင့် ကျွန်တော်တို့လည်း ညစ်နေတာ။ စိတ်ညစ်နေတာ။ မငှားရင် မသွားဘူးပေါ့ဗျာ။ (ရယ်လျှက်)

Grace - အခုခေတ်က Online တွေ အရမ်းခေတ်စားနေတဲ့ အချိန်ဆိုတော့ အကိုတို့ကိုဆယ်သွယ်နိုင်မယ့် email ၊ website ဒါမှမဟုတ် facebook ရှိလို့ရှိရင်လည်း ပြောပေးပါနော်။
နေ၀င်း - facebook မှာတော့ ပိုလွယ်မယ်ထင်တယ်။ facebook မှာဆို ရတယ်။ Oo Nay Win လို့ရိုက်လိုက်။ ပေါ်လာလိမ့်မယ် ကျွန်တော့်ပုံ။ ဥပမာ ငဖြိုးကိုဆိုလည်း BaGyiPhyo လို့ရိုက်လိုက် ပေါ်လာလိမ့်မယ်။
ဖြိုးလေး - BaGyiPhyo လို့ရိုက်လိုက် ပေါ်လာလိမ့်မယ်။ ရတယ်။ အဲဒါကတော့ လွယ်တယ်။
နေ၀င်း - နောက် Snare Music အဲလိုမျိုးလည်း facebook မှာရှိတယ်။
ဖြိုးလေး - Snare Fan Club ရှိတယ်။
နေ၀င်း - အဲ့ထဲမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို အမြဲတမ်း update လုပ်ပေးနေတယ်။


7Grace - နိုင်ငံတကာက ပရိသတ်တွေနဲ့ အကိုတို့လို အနုပညာရှင်တွေကို ဆက်သွယ်ပေးနေတဲ့ ညီမတို့ Myanmar Youth Media club အပေါ် အကိုတို့ရဲ့ အမြင်လေးကိုလည်း ပြောပြပေးပါရှင်။
ဖြိုးလေး - မိုက်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ ဒီနိုင်ငံမှာ မရှိတဲ့သူတွေ။ ဟိုဟာ Singapore တို့၊ Malaysia တို့၊ Bangkok တို့၊ ausi တို့၊ korea တို့ အကုန်လုံးပေါ့။ တစ်ကမ္ဘာလုံးကလူတွေ ကျွန်တော် တို့မြန်မာနိုင်ငံက လွှင့်ပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သိတယ် မလား။ အကုန်လုံး နားထောင်ရတာပေါ့။ မြန်မာနိုင်ငံမှာ ဘာဖြစ်နေလဲ။ ဘယ်အဆိုတော်တွေ ဘာဖြစ်နေလည်းဆိုတာ။ အဲဒီတော့ အဲလိုမျိုးလေး တွေ ရှိတာကောင်းပါတယ်။
နေ၀င်း - တရုတ်တွေလည်း တရုတ်သီချင်းတွေနဲ့ ဘာပဲပြောပြော တစ် ကမ္ဘာလုံးက နားထောင်တယ်လေ။ ကိုရီးယားလည်း ကိုရီးယားသီချင်းနဲ့ နားထောင်တယ်။ ကုလားတွေလည်း ကုလားသီချင်းနဲ့ နားထောင်တယ်။ ကျွန်တော်တို့မြန်မာတွေကိုလည်း ဘာပဲပြောပြော နည်းနည်းတခြား နေရာတွေအထိ နားမထောင်ရင်တောင်မှ သိတယ်မလား။ ဒီ Malaysia တို့၊ Indonesia တို့၊ Bangkok တို့၊ Singapore တို့ အဲ့ကလူတွေ နားထောင်ရင်မိုက်တယ်။ ဘာလို့လည်းဆိုတော့ Hip Hop နည်းနည်းထွန်းကားတဲ့ နေရာလေးတွေ။ အဲဒီ Indonesia တို့၊ Malaysia တို့ဘာတို့က။ ဘာလို့လည်းဆိုတော့ ဒီအာရှမှာတော့ပြောရဲတယ်။ မြန်မာ Hip Hop က အဆင့်အတန်းတစ်ခုရှိတယ်။ အဲဒါတော့သေချာတယ်။

Grace - အခုနောက်ဆုံးအနေနဲ့ အကိုတို့ကိုချစ်တဲ့ပရိသတ်တွေအတွက်  အကိုတို့ရဲ့စကားလက်ဆောင်လေးတွေကိုလည်း ပြောပြပေးပါရှင်။
နေ၀င်း - ကျွန်တော်တို့ရဲ့ စကားလက်ဆောင်လေးတွေက သင်္ကြန်မှာ အန္တရာယ်ကင်း၊ ဘေးရှင်းပါစေ။ ကျွန်တော်တို့က Happy New Year ကျတော့ အကုန်လုံးက ဆုတောင်းကြတယ်။ ကိုယ့်နှစ်သစ်တွေကျတော့ ဆုတောင်းဖို့မေ့နေတယ်။ ဒါကလည်း နီးနေပြီမို့လို့ပါ။ ဘယ်လို ပြောမလဲ။ ဒုက္ခဆင်းရဲကနေ ကင်းဝေးပါစေလို့ ကျွန်တော်တို့ Snare က ဆုတောင်းပေးပါတယ်။
ဖြိုးလေး - စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေနိုင်ကြပါစေပေါ့။ ကျွန်တော်တို့က Snare ကတော့ သီချင်းပဲဆိုနေမှာပဲ အမြဲတမ်း။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ အကြောင်းအရာတွေကလည်း အမြဲတမ်း သူများနဲ့လုံးဝမတူစေရဘူး။ နောက်ပရိသတ်ကိုလည်း ကျွန်တော်တို့ကို အားပေး တဲ့အတွက် ကျွန်တော်တို့က အရမ်းကိုပဲ ကျေးဇူးတင်ပါတယ်။ သူတို့အားပေးမှလည်း ကျွန်တော်တို့ဆက်ပြီးတော့ လုပ်လို့ရမှာ။ အဲဒါကြောင့်မို့ ကျွန်တော်တို့ကို အားပေးပါလို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးတွေ လုပ်မှာပါလို့.. ဟုတ်။


Grace - အခုလိုမျိုးအနုပညာလုပ်ငန်းတွေနဲ့ မအားမလပ်တဲ့ကြားက ညီမမေးသမျှကိုအချိန်ပေးပြီးဖြေကြားပေးတဲ့ ဘကြီးဖြိုးနဲ့ဦးနေ၀င်းတို့ကို MYMC Family တစ်ခုလုံးရဲ့ကိုယ်စား ညီမကကျေးဇူးတင်ပါတယ်ရှင်။ ဒီ့ထက်ပိုပြီးတော့လည်း အောင်မြင်မှုတွေလည်း အများကြီးရပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။
နေ၀င်း - ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ကလည်း MYMC ကို အောင်မြင်တဲ့ Online FM တစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဖြိုးလေး - အောင်မြင်တဲ့ media တစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

1 comment:

  1. ကျွန်တော်စနဲကိုအရမ်းကြိုက်ပါတယ်

    ReplyDelete