Popular Posts

Friday, May 27, 2011

စန္ဒီမြင့်လွင် Interview

sdml

1မဒီးဒီ မင်္ဂလာပါနော်။ ညီမကတော့ MYMC online radio က Grace ပါ။ အခုလိုမျိုး အမနဲ့ ညီမတို့ interview ခွင့်ရတာ ၀မ်းသာပါတယ်။

ဟုတ်.. ပထမဆုံး အနေနဲ့ အမရဲ့ နာမည် အရင်း ၊ မွေးနေ့နဲ့ မွေးချင်း မောင်နှမ ဘယ်လောက် ရှိလဲဆိုတာ ပြောပြ ပေးပါနော်။
ဟုတ်ကဲ့။ ဟုတ်..ဟုတ် ဒီးဒီက ၁၉၈၆ ခုနှစ်မှာ မွေးတာပါ။ ၁၉၈၆ ခုနှစ် ၁၂ ရက် ၈ လ ပေါ့နော်။ ဟုတ်.. မွေးချင်းက သုံးယောက် ရှိပါတယ်။ အကို နှစ်ယောက်ပါ။ ဒီးဒီက အငယ်ဆုံးးပေါ့.. ဟုတ်။


နောက် အနုပညာ လောကထဲကို အမစပြီး ၀င်ရောက်လာဖြစ်ပုံကိုလဲ ပြောပြပေးပါနော်။
အမ်း...ဟိုဟာပေါ့။၂၀၀၅ လောက်က ဖြစ်မယ်ထင်တယ်။ ၂၀၀၄-၂၀၀၅ ကပေါ့နော်။

အမက ရုပ်ရှင်ရော ဂီတဘက်မှာပါ အောင်မြင်နေပြီ ဆိုတော့လေ အခု ဘယ်အပိုင်းကို လုပ်ရတာ ပိုပြီးတော့ အားသန်လဲ အမရဲ့ခံစားချက်လေးကို ပြောပြပေးပါရှင့်။
ဒီးဒီကတော့ ဟိုအားလုံးလဲ သိတဲ့အတိုင်းပါပဲ။ ဟို ဂီတကို လုပ်ရတာကို ပိုအားသန်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ဘက်အပိုင်းကို ကျတော့လဲ အခွင့်အရေးရတယ်။ ကိုယ်နဲ့ အဆင်ပြေတယ်။ အခွင့်အရေးပေးတယ်။ ကိုယ့်အတွက် နေရာကောင်းတယ် ဆိုရင်တော့ လုပ်ပါတယ်။ ဘယ်အလုပ်ကိုမဆို ဟို ဘယ်အလုပ်ကိုမဆို ကိုယ့်အတွက် အလုပ်တွေဆိုရင် လုပ်ပါတယ်။ ဟို ပရိသတ် အတွက်ရောပေါ့နော်။

ဒီအနုပညာ လောကထဲမှာလေ မစိုးမြတ်သူဇာတို့ မစိုးမြတ်နန္ဒာတို ရှိနေပြီးသားဆိုတော့ သူတို့က အမအတွက် ဘယ်လိုများ အားပေးမှုတွေရလဲ ဆိုတာလဲ သိပါရစေရှင့်။
ဟို. ဘယ်လို အားပေးမှုတွေ ရလဲဆိုတော့ သူတို့ရှိနေတဲ့ အတွက်ကြောင့် ဒီးဒီ ဒီလောကထဲကို ၀င်ရတာ အများကြီး အဆင်ပြေပါတယ်။ ဒါတွေကလဲ အားတစ်ခုပါပဲ။ အမျိုးတွေရှိတဲ့ အတွက်ကြောင့်မို့ အစစအရာရာ အဆင်ပြေပါတယ်။ အမြဲတမ်းလဲ အားပေးပါတယ်.. ဟုတ်။
ခုတလော အမရဲ့ဂီတနဲ့ပတ်သက်တဲ့ ရင်ခုန်သံလေးကိုလဲ ပြောပြပေးပါဦးရှင့်။
ဂီတနဲ့ ပတ်သက်တဲ့ ရင်ခုန်သံဆိုတော့ ဒီးဒီက ဂီတနဲ့ ပတ်သက်ရင် အမြဲတမ်း ရင်ခုန်နေတာပါပဲ။
2ဟုတ်ကဲ့ အမက အခု မြန်မာနိုင်ငံမှာပေါ့နော်။ အအောင်မြင်ဆုံး ဟစ်ဟော့ပ်ဂီတ မိန်းကလေး အဆိုရှင်တစ်ယောက် ဖြစ်နေပြီဆိုတော့ ဒီဟစ်ဟော့ပ်ကို အမ ဘယ်အချိန်ကတည်းက ၀ါသနာပါခဲ့တာပါလဲရှင်။
ဟို ဟစ်ဟော့ပ်ပဲ ဆိုမယ်ဆိုပြီးတော့ ဟို..ဖြစ်လာတာ မဟုတ်ဘူးပေါ့နော်။ အခြေအနေ အကြောင်းကြောင်းကြောင့် ဒီဟစ်ဟော့ပ်တွေ Rap တွေ ဆိုမယ်ဆိုပြီး ဖြစ်လာတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် နောက်ပိုင်း အသက်ကြီးလာတဲ့ ဟို ငယ်ငယ်တုန်းကလိုတော့ မဟုတ်တော့ဘူးပေါ့နော်။ ၁၈ ၁၉ က အရွယ်တုန်းကလိုမျိုး ဘာလာလာ အရမ်း Rap ပဲ hip hop ပဲလို မဟုတ်တော့ဘဲ Melody လေးတွေ ဆိုချင်လာတယ်။ နောက် ဟို.. ကိုယ့်အသက်အရွယ် ရလာတာနဲ့အမျှ စိတ်ခံစားမှုတွေလဲ ပြောင်းလာတော့ သီချင်း  ဒီ hip hop ပိုင်း music  ဒီဘောင်ထဲမှာပဲ ဒီဘောင်ထဲ ဒီဘောင်ထဲကနေပဲ ကိုယ်ဆိုလို့ရတဲ့ သီချင်းမျိုးစုံကိုပေါ့နော်။ အဲလိုမျိုး ဆိုသွားဖို့တော့ ရည်ရွယ်ချက်ရှိတယ်။ စိတ်ကူးရှိတယ်။ ဒါဒီးဒီရဲ့ အနာဂတ်ပေါ့နော်။ အဲဒီတော့ သီချင်းဆိုရင်တော့  hip hop တစ်ခုထဲလို့တော့ ဒီးဒီက ခေါင်းစဉ်မတပ်ထားပါဘူး.. ဟုတ်။
နောက် ခုလို အောင်မြင်လာအောင် အမ ဘယ်လိုကြိုးစား ခဲ့ရပါသလဲရှင်။
အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ ကြိုးစားမှုတွေ အများကြီးရှိတယ်။ လုံ့လ၀ီရိယတွေ ပေါ့နော်။ အဲဒါတွေ အားလုံးရှိတယ်။ အဲဒါတွေအားလုံး  လုံ့လ၀ီရိယက အမြဲတမ်းရှိနေမှ ကိုယ့်အတွက် အကျိုးရှိမှာ ဆိုတော့ ဒီးဒီက ကိုယ့်ကိုကိုယ် လုံ့လ၀ီရိယရှိအောင် ကိုယ့်ကိုကိုယ် အမြဲတမ်း သွေးနေတာ။

နောက် ဒီ hip hop လောကအပေါ်အမရဲ့ အမြင်လေးကိုလဲ သိပါရစေရှင့်။
ဟိုကောင်းပါတယ်။ ကောင်းပါတယ်။ အားလုံးက သူ့ဟာနဲ့သူ ကြိုးစားနေကြတဲ့ သူတွေချည်းပဲ။ အနောက်မှာလဲ အသစ်တွေလဲ အများကြီး ရှိတယ်လေ။ ကောင်းပါတယ်။ ကြိုးစားမှုတိုင်းကတော့ အောင်မြင်မှုတိုင်းအတွက် ခြေလှမ်းအစပါပဲ။ အားလုံးက ကြိုးစားရင် အောင်မြင်မယ့် သူတွေချည်းပါပဲ။

ပရိသတ်ကိုရော အမ ထပ်ပြီးဘာတွေ လုပ်ပြဦးမလဲ မသိဘူးနော်။
ဒီးဒီ နောက်ထပ် single တွေ ထွက်ဖို့ ရှိပါတယ်။ နောက်ထပ်အခု single ပြီးတဲ့အချိန်မှာ ပရိသတ်ရဲ့ အခြေအနေကို ကြည့်ပြီးတော့ အရမ်းကို နောက်ထပ် single အခွေ ထုတ်ချင်တဲ့ စိတ်လဲပေါက်တယ်။ အဲဒီအတွက် အဲဒီဟာရော နောက်ပြီးတော့ နောက်ထပ်သီချင်းတွေ အများကြီး ဆိုချင်တဲ့စိတ်လဲရှိပါတယ်။ ဟို အလုပ်တွေ အများကြီး လုပ်ချင်တယ်.. ဟုတ်။
2နောက်အခု အမရဲ့ ပထမအခွေဖြစ်တဲ့ ဆေးရောင်လှလှ ခြယ်ရအောင်ကလေ ပရိသတ်တွေကလဲ ကြိုက်တယ်ပေါ့နော်။ အရမ်းလဲ အောင်မြင်ခဲ့တယ်ပေါ့။ အဲဒီအခွေအတွက် အမစိတ်တိုင်းကျ ဖြစ်အောင် ဘယ်လိုပြင်ခဲ့ရတယ် ဆိုတာလေးလဲ သိပါရစေရှင်။
ဒီးဒီက စိတ်တော့ မြန်တယ်ပေါ့နော်။ စီဒီလုပ်မယ် ဆိုတုံးကကျတော့ ဟို လုပ်မယ်လို့ ပြောထားခဲ့တာကြာပြီ။ ဒါပေမယ့် မဖြစ်ဘူးပေါ့နော်။ တဖြည်းဖြည်းနဲ့ တော်တော်လေး ကြာတဲ့အချိန်မှာ ၂ နှစ် ၃ နှစ်လောက် ကြာသွားပြီးတော့ ၅ လပိုင်းကြတော့မှ ဒီးဒီ ဒီဆေးရောင်လှလှ ခြယ်ရအောင် စီဒီကို ထုတ်တယ်။ စီဒီကို ထုတ်ပြီးပြီးချင်းမှာလဲ vcd ကို ချက်ချင်း မရိုက်သေးဘူး။ ဘယ်လိုရိုက်ရင် ကောင်းမလဲဆိုပြီး အကြံထုတ်နေသေးတယ်။ ၂ လလောက်က အဲဒါ ပြီးတော့မှ ၂ လောက် နေပြီးတော့မှ စပြီးတော့ရိုက်တာ ၃ လ ၄ လလောက်ပဲ ကြာတယ်။ ဒီ vcd ကို အမြန်ဆုံးထွက်အောင် လုပ်မယ်ဆိုပြီးတော့ စိတ်က အရမ်းမြန်တဲ့ အခါကျတော့ အဲလို အဲလိုရိုက်တယ်။ ရိုက်ပြီးတော့ ဒီးဒီက တစ်ခုခုကို အလုပ် လုပ်မယ်ဆိုရင် အမြဲတမ်း အရင်စဉ်းစား စဉ်းစားတဲ့ပေါ်မှာ plan ချပြီးလုပ်တယ်။ အဲဒီ ကိုယ် အရင်စဉ်းစားထား ..စဉ်းစားထားတဲ့ပေါ်မှာ ဒါ.....လုပ်မယ် ဆိုပြီးတော့ စာတွေနဲ့အရင် ချရေးထားတယ်။ အဲဒီအတိုင်းကို လုပ်တဲ့အတွက်ကြောင့် မြန်မြန်လဲပြီးတယ်။ နောက် ကိုယ်ဖြစ်ချင်တာတွေလဲ အကုန်ဖြစ်တယ်။
အခု အမရဲ့ ပထမအခွေက အောင်မြင်သွားပြီဆိုတော့ ဒုတိယအခွေရော ဘယ်တော့လောက် ထွက်ဖြစ်မလဲ မသိဘူးနော်။
ဟို.. မှန်းထားတာတော့ ဒီနှစ် ၈ လပိုင်း ၁၂ ရက်နေ့မှာ ဒီးဒီမွေးနေ့ရှိတော့ အဲဒီနေ့ကို မှန်းထားတယ်။ ဒါပေမယ့် ဖြစ်မဖြစ် ဆိုတာတော့ ဟိုပြီးမပြီး ဆိုတာတော့ ပြောလို့ မရသေးဘူးပေါ့နော်။ ဒါပေမယ့် တစ်ခွေထွက်ထားတဲ့ အတွက်ကြောင့် နောက်တစ်ခွေကတော့ ထုတ်ဖို့ ထွက်ဖို့အတွက်ကို နည်းလမ်းတွေ သိသွားတော့ အရင်အခွေထက် စာရင်တော့ အရမ်းကြီး မခက်ခဲတော့ဘူး ထင်ပါတယ်။ အဲဒီအတွက် မြန်မယ်လို့တော့ ထင်တယ်။ ကိုယ်လုပ်နိုင်ရင်တော့ အဲနေ့မှာ ထွက်မှာပေါ့နော်။
နောက် အမရဲ့ ၀တ်စားဆင်ယင်မှု တွေကလဲ သူများနဲ့မတူပဲနဲ့ ထူးခြားတယ်နော်။  fashion အတွက် အမရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ ပြင်ဆင်တာလား။ ဒါမှမဟုတ် ဒီဇိုင်နာနဲ့ တိုင်ပင်ပြီး ပြင်ဆင်တာလား မသိဘူးနော်။
ဟိုဒီဇိုင်နာနဲ့လဲ တိုင်ပင်ပါတယ်။ နောက်ပြီးတော့ ဒီမပုံ့တို့ ဘာတို့ပေါ့နော်။ နောက်တခြား ဂျိုကာတို့ ဘာတို့ပေါ့နော်။ ဟို ချုပ်ပေးလေ့ရှိပါတယ်။ ဟို တခါတလေကျလို့ရှိရင် ကိုယ့်ဒီဇိုင်းကိုယ် မ၀တ်ဘဲနဲ့ မပုံ့ ချုပ်ပေးလိုက်တာပဲ ၀တ်တာများတယ်။
နောက် ဒီ hip hop ဂီတနဲ့ fashion ဆက်စပ်မှုကိုရော အမဘယ်လိုများ မြင်ပါသလဲ။
ဟို hip hop ဂီတနဲ့မှ မဟုတ်ပါဘူး။ fashion ဆိုတာက အပြင်မိန်းကလေးနဲ့လဲ ပတ်သက်တယ်။ ရုပ်ရှင်သရုပ်ဆောင် အနေနဲ့လဲ ပတ်သက်တယ်။ နောက် pop ဂီတသမားနဲ့လဲ ပတ်သက်တယ်။ rock ဂီတသမားနဲ့လဲ ပတ်သက်တယ်။ အားလုံးနဲ့ ပတ်သက်တဲ့ အတွက်ကြောင့် fashion ဆိုတာက လူတိုင်းအတွက်နဲ့တော့ မရှိမဖြစ်ပါပဲ။ ဟုတ် ဟို Hip Hop အတွက် ဆိုရင်တော့ သူ့ culture လေးတွေတော့ ရှိတာပေါ့နော်။ Hip Hop အ၀တ်အစား အတွက်ဆိုရင်တော့  Hip Hop အ၀တ်အစားအတွက် ဆိုတာမျိုးလေးတော့ ရှိတာပေါ့။ ဒါပေမယ့် အဲဒါကကျတော့ ယောကျာ်းလေးတွေ အနေနဲ့ကကျတော့ Hip Hop အကျီနဲ့ဆိုရင် သူတို့အနေနဲ့ ပိုပြီးတော့ အဆင်ပြေမယ်။ မိန်းကလေး အနေနဲ့ကျတော့ Hip Hop ၀တ်စုံဆိုရင် ယောက်ျား အကျီတွေ လိုက်ဝတ်မှပဲ အဆင်ပြေမယ်။ ဒီ Brand တွေ လိုက်ဝတ်ရင်တော့ ဒီ Brand တွေပေါ့နော်။ တချို့ Branded တွေကျတော့လဲ ဒီမှာက ဟို ၀တ်လို့ အဆင်မပြေတဲ့ အခါလေးတွေရှိတော့ ဒီးဒီတို့ကတော့ Hip Hop ဆိုပေမယ့် ကိုယ်နဲ့ အဆင်ပြေတာလေးတွေ လိုက်ချုပ်ဝတ် လိုက်ရတာမျိုးလေးတွေ ရှိတယ်ပေါ့နော်။ အဲလိုမျိုးဆိုတော့ ဟို.. Rock ဆိုလဲ Rock Culture။ Rock ၀တ်စုံ အဲလို ပုံစံမျိုးလေးတွေ တော့ရှိတယ်။ ဒါပေမယ့် ဘယ် music နဲ့မဆို ဘယ်သူနဲ့မဆို fashion ဆိုတာကတော့ လိုအပ်ပါတယ်။
3နောက် ဒီရှိုးပွဲတွေမှာ အမ တင်ဆက်တဲ့အခါ အမဘယ်လိုပြင်သလဲ။ အမရဲ့ခံစားချက်လေးကိုလဲ သိပါရစေရှင့်။
အချိန်ရတဲ့ ရှိုးပွဲတွေ ဆိုရင်တော့ အချိန်ရသလို ပြင်ဆင်ပါတယ်။ တချို့ပွဲတွေ ကျတော့လဲ အရမ်းကပ်သွားရင် ဥပမာ ဒီလိုရာသီတွေမှာ အခုလိုရှိုးပွဲတွေ ကပ်နေတဲ့အခါ ဒီးဒီဘာမှ သေချာ မပြင်ဆင်ဖြစ်ဘူး။ ဒါပေမယ့် ရှိုးပွဲကြီးတွေ မှာဆိုရင်တော့ ဒီးဒီသေချာ ပြင်ဆင်ဖြစ်တယ်။ အမ်း..တချို့တခါတလေ တချို့ရှိုးပွဲတွေဆိုရင်တော့ ဟိုနည်းနည်း ကြိုသိထားတဲ့ ပွဲတွေ ဘာတွေဆိုရင် ကြိုပြီး စဉ်းစားထားတယ်။ ကြိုပြီး စဉ်းစားထားတော့မှ ခေါင်းထဲမှာရှိတဲ့ အရာကိုကြို စဉ်းစားထားတယ်။ ပြီးတော့မှ အဲဒီအရာပေါ်မှာ ချပြီးတော့မှ အဲဒီအကွက်ကို လိုက်ချပြီးလုပ်တယ်။

အမ ဒီးဒီကနော် အရင်က အတွဲတွေနဲ့ ဆိုတာများတယ်နော် အခုတော့ တစ်ကိုယ်တော်ပဲ လုပ်ဖြစ်တယ်။ နောက်ကို အတွဲတွေနဲ့ လုပ်ဖြစ်မလား တစ်ကိုယ်တော်ပဲ လုပ်ဖြစ်မလား မသိဘူးနော်။
ဟိုတစ်ကိုယ်တော်လဲ လုပ်ပါတယ်။ အတွဲတွေလဲ ဆိုပါတယ်။ တစ်ကိုယ်တော်လဲ လုပ်တယ်ဆိုတော့ ဟိုးအရင်ကတော့ အဖွဲ့နဲ့ဆိုတယ်။ နောက်ပိုင်းက ဟို.. အတွဲတွေလဲ ဆိုဖြစ်တယ်။ တစ်ကိုယ်တော်လဲ ဆိုဖြစ်တယ်။ အခုတလော နောက်ပိုင်းတော့ တစ်ကိုယ်တော် များတယ်။ ဒါပေမယ့် တွဲဆိုတာ လေးတွေလဲ များမှာပေါ့ အဲလိုမျိုး။ နောက် အခုလိုရုပ်ရှင်ရော ဂီတ နှစ်ဖက်စလုံးမှာ အောင်မြင်မှု ရရှိအောင်လို့ အမရဲ့ကြိုးစား အားထုတ်မှုလေးကိုလဲ သိပါရစေရှင့်။
ဟို ဘယ်အရာကိုမဆို လိုချင်ရင်တော့ ကြိုးစားရတာပါပဲ။ ဂီတဘက်ကတော့ ကိုယ့်အတွက် ပိုအဆင်ပြေ ပိုအားသန်တဲ့လိုင်းလို့ ပြောရမယ်ပေါ့နော်။ ဟို နှစ်ဖက်စလုံးကတော့ ကြိုးစားရတာပါပဲ.. ဟုတ်။

ပြည်ပရှိုးပွဲတွေလဲ အမ အများကြီး ဆိုဖူးတယ်နော်။ ဘယ်နိုင်ငံတွေမှာ ဆိုဖူးတာလဲ။ နောက် ပွဲတွေရော ဆိုဖို့ရှိသေးလဲ။ နောက် ပရိသတ် အားပေးမှုကိုရော ကျေနပ်မှုရှိရဲ့လား သိပါရစေရှင့်။
ဒီးဒီကတော့ မလေးရှား၊ စင်ကာပူ၊ ဘန်ကောက် နောက်ဂျပန် အဲဒီနိုင်ငံတွေ ဘက်တော့ ဆိုခဲ့ပြီးပါပြီ။ နောက် ဂျပန် ဒီမလေးရှား၊ စင်ကာပူကို ဒီလ ထပ်သွားဖို့ ရှိပါတယ်။ နောက် ဂျပန်တို့ သြဇီတို့ ဘက်တွေမှာ ရှိုးပွဲတွေ ထပ်ဆိုဖို့ ရှိပါသေးတယ် ဟုတ်။
နောက်အမရဲ့ မီဒီယာအပေါ် အမြင်နဲ့ စာနယ်ဇင်းတွေရဲ့ အရေးပါပုံကိုလဲ ပြောပြပေးပါဦးရှင်။
မီဒီယာလောကက အရေးပါပါတယ်။ မီဒီယာလောကရှိမှလဲ ပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရှိမှာလေ။ မီဒီယာ ဆိုတာကတော့ ပရိသတ်တွေနဲ့ ကြားကိုကူးပေးတဲ့ တံတားလေးပေါ့။
နောက် သာမန်လူ တစ်ယောက်အနေနဲ့ အနုပညာရှင် ဖြစ်လာတဲ့အခါမှာ ဘယ်လိုခံစားမှုမျိုး ခံစားရပါသလဲ။ နောက် အရင်လို ဘ၀ကိုရော ပြန်လိုချင်တဲ့ ခံစားမှုမျိုး ခံစားရပါသလား။
အမ်း.. အဲလိုတော့ မရှိတော့ဘူး။ ဒီဘ၀မှာပျော်နေပြီ။

နောက် အနုပညာအပြင် တခြား လတ်တလော လှုပ်ရှားမှုလေးတွေ ရှိရင်လဲ ပြောပြပေးပါဦးနော်။
အနုပညာ အလုပ်ကိုပြောတာလား။
5ဟုတ်ကဲ့အနုပညာ အနေနဲ့ကတော့ ဒီလက ရှိုးပွဲရာသီ ဖြစ်နေတော့ ရှိုးပွဲတွေသွားတယ်။ နောက် သင်္ကြန်အခွေတွေ ရိုက်တယ်။ နောက် ဒီးဒီရဲ့ single အခွေ လုပ်ဖို့အတွက် သီချင်းတွေ စုနေပြီပေါ့နော်။ နောက်တခြား သူများတွေ ဆိုတဲ့ featuring လေးတွေ ဆိုဖြစ်တယ်။ သင်္ကြန်ခွေမှ မဟုတ်ဘဲ တခြားခွေ နောက် ကိုယ့်အခွေအတွက်လဲ နောက် သီချင်းတွေ ပြန်စုနေတယ်။

နောက် ကိုယ်ပိုင် အားလပ်ချိန်ကိုရော မဒီးဒီ ဘယ်လို အသုံးချပါသလဲ။
ကိုယ်ပိုင် အားလပ်ချိန်ကတော့ ဘယ်လို အသုံးချလဲဆိုတော့ အင်း ကိုယ်ပိုင် အားလပ်ချိန်ကတော့ စာအုပ်ဖတ်တယ်။ သီချင်း နားထောင်တယ်ပေါ့နော်။
အခုအမကိုပေါ့နော်။ အခု နိုင်ငံကျော် တစ်ယောက်ကနေ ကမ္ဘာကျော် အော်စကာဆု တက်ယူရပြီဆိုရင် အမရဲ့ခံစားချက်လေး ဘယ်လိုဖြစ်မယ် ဆိုတာလေး ပြောပြပေးပါဦးနော်။
အင်းအဲဒါမျိုး ဆိုရင်တော့ ပျော်မှာပေါ့။ ဒါပေမယ့် ဒါ ဖြစ်မှ မဖြစ်နိုင်တာ။ ဒါပေမယ့် ဒီးဒီကလေ အဲလို အော်စကာ ဆုပေးပွဲတွေ ဘာတွေရဖို့ ဆိုတာမျိုးကို မမျှော်လင့်ပါဘူး။ အဲလို အော်စကာ ဆုပေးပွဲလေးပဲဖြစ်ဖြစ် ဂရမ်မီ ဆုပေးပွဲလေးပဲ ဖြစ်ဖြစ်ပေါ့နော်။ အောက်ကနေ ရှေ့ဆုံးတန်းလေးကနေ ထိုင်ကြည့်ရရင်  သေပျော်ပါပြီ။ ဒီးဒီကြိုက်တဲ့ အဲဒီ အဆိုတော်တွေကို အဲလိုမော့ပြီး ကြည့်နေရင် တကယ်သေပျော်ပါပြီ။

အခု အမကပေါ့နော် အနုပညာရှင် တစ်ယောက်သာ ဖြစ်မနေခဲ့ဘူးဆိုရင် အမ ဘာလုပ်နေမယ်လို့ ထင်ပါသလဲ။
အမ်း မပြောတတ်ဘူး။ အလုပ်တစ်ခုခုတော့ လုပ်နေမှာပေါ့။ ဒါပေမယ့် အခု အဲလိုဖြစ်သွားတော့ တခြား မစဉ်းစားတတ်တော့ဘူး။ အခုအချိန်မှာ တခြားအလုပ် လုပ်ပါဆိုရင် မစဉ်းစားတတ်တော့ဘူး။

တကယ်လို့ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် အမတောင်းမယ့်ဆုက ဘယ်လိုမျိုး ဖြစ်မလဲနော်။
ဘယ်လောက်စားစား မ၀ပါစေနဲ့။ အဲဒါကတော့ အကောင်းဆုံး ဖြစ်မယ်နဲ့တူတယ်။ ဘာလို့လဲဆိုတော့ အခုအနေနဲ့ အရမ်းလဲစားချင်တယ်။ စားလိုက်တိုင်းလဲ ၀တယ် အဲဒီတော့ ဘယ်လောက်စားစား မ၀ပါစေနဲ့။ ပိန်ပိန်လေးလေ။

နောက် အချစ်ဆိုတဲ့ အရာကိုရော အမဘယ်လို ခံယူထားပါသလဲ။
အချစ်ဆိုတာ အချစ်ပေါ့နော်။ အချစ်ဆိုတာ ဒီးဒီအတွက်ပေါ့နော်။ အချစ်ဆိုတာတော့ သိပ်မယုံဘူး။ သံယောဇဉ် ဆိုတာမျိုးကိုတော့ ယုံတယ်။ လူတစ်ယောက်ကို သံယောဇဉ်ရှိသွားရင် ဖျက်မရတော့ဘူး။ အချစ်ဆိုတာ ဟို မြင်မြင်ချင်း အချစ်ဆိုတာတို့ ဘာတို့ကို တကယ်မယုံတာ။ ကိုယ်ကပဲ စိတ်မာလို့လားတော့ မသိဘူး။ မြင်မြင်ချင်းအချစ် ဆိုတာ ဘာညာ သိပ်ပြီးတော့ စိတ်ထဲမှာ ဘယ်လိုကြီးလဲ မသိဘူး။ သံယောဇဉ်ကိုပဲ ယုံတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်တာ ကြာသွားရင် သံယောဇဉ် ဖြစ်သွားမယ်လေ။ အဲဒီသံယောဇဉ်ကိုပဲ ယုံကြည်တယ်။ အလေးထားတယ်။

အမမှာ ဘ၀ လက်တွဲဖော်အဖြစ် ရွေးထားတာမျိုး ရှိပါပြီလားရှင့်။ ဘယ်လိုလူမျိုးကို ဘ၀လက်တွဲဖော်အဖြစ် ရွေးမယ်လို့ စိတ်ကူးထားပါသလဲရှင့်။
ဘ၀လက်တွဲဖော်တော့ မရှိသေးပါဘူး။ ဒါပေမယ့် ဘ၀မှာကြုံခဲ့ရတဲ့ သစ်ပင်လေးတွေ လမ်းကိုဖြတ်ရင် သစ်ပင်လေးတွေ အများကြီး ကြုံရတယ်လေ။ အဲလို သစ်ပင်လေးတွေတော့ အများကြီးတွေ့ဖူးတယ်။ အဲလို သစ်ပင်တွေကတော့ အများကြီးပေါ့နော်။ ဒါပေမယ့် လက်တွဲဖော်တော့ မရှိသေးဘူး။

နောက် အမကိုချစ်တဲ့ ပရိသတ်တွေအတွက် ဆက်သွယ်လို့ရမယ့် အီးမေးလ် နောက် facebook လိုမျိုး ဆက်သွယ်လို့ရမယ့် website လေးတွေ ရှိရင်လဲ ပြောပြပေးပါဦးနော်။
sandymyinlwin8@gmail ပေါ့နော် အဲဒီကို ဆက်သွယ်လို့ ရပါတယ်။ နောက်ပြီးတော့ အင်တာနက်မှာ ဒီးဒီ facebook လဲ ဖွင့်ထားပါတယ်။ fan page လဲ ဖွင့်ထားပါတယ်။ Sandy Myint Lwin လို့ ရိုက်လိုက်လို့ရှိရင် ဒီးဒီရဲ့ fan page ပါ။ အဲဒီမှာ သီချင်းတွေလဲ တင်ထားပါတယ်။ ဓါတ်ပုံတွေလဲ တင်ထားပါတယ်။ ကိုယ်တိုင် လုပ်ထားတာပါ။ ခုတော့ သူများကိုလွှဲပေးဖို့ စဉ်းစားနေတယ်။
6နောက် မဒီးဒီတို့လို အနုပညာရှင်တွေနဲ့ အင်တာနက် user တွေကို ဆက်သွယ်ပေးတဲ့ Myanmar Youth Media Club လိုမျိုး အွန်လိုင်း Media Club ကိုရော အမရဲ့ အမြင်နဲ့ ဝေဖန်ချက်လေးကိုလဲ သိပါရစေရှင်။
အရမ်းကို Welcome ပါ။ ဒီလိုမျိုးရှိတဲ့ အတွက်ကြောင့် အရမ်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အင်တာနက်က ပရိသတ်တွေအနေနဲ့ နိုင်ငံခြားကနေ အင်တာနက်မှာက နိုင်ငံခြားက နိုင်ငံတကာက ပရိသတ်တွေရှိမယ်လေ။ အဲဒီတော့ နိုင်ငံတကာက ပရိသတ်တွေလဲ ဒီးဒီတို့ ဘာတွေလုပ်နေတယ် ဘာတွေဖြစ်နေလဲ ဆိုတာလဲ သိရတယ်။ အဲလိုမျိုး ဆက်သွယ်ပေးတဲ့ အမတို့ ဒီ website ကိုလဲ အရမ်းကျေးဇူးတင်တယ်။ နောက်ပြီးတော့ ဒီ website မှာ နားထောင်ပေးတဲ့ ပရိသတ်ကိုလဲ ကျေးဇူးတင်ပါတယ်။ တချို့ website တွေဆိုရင် အရမ်းမုန်းဖို့ ကောင်းတဲ့ website တွေရှိတယ်။ ဟိုဘယ်လိုပြောမလဲ ဘာလဲ...ရွှေဘာဆိုလား အဲဒါမျိုးပေါ့နော်။ တချို့ကျတော့လဲ မဟုတ်တာကို အဟုတ်လုပ်ပြီးတော့ စာတွေနဲ့ ရေးတာတွေလေ။ အရမ်းရွံဖို့ ကောင်းပါတယ်။ အဲလိုမျိုး ဒီးဒီကိုယ်တိုင်လဲ အဲဒီ website တွေကို တွေ့ဖူးပါတယ်။ ကိုယ်တစ်ယောက်တည်း မှရယ်မဟုတ်ဘူး။ ကိုယ်တစ်ယောက်တည်းကို ရေးတာများလားဆိုပြီး သွားကြည့်လိုက်တဲ့ အခါကျတော့လဲ ကိုယ်တစ်ယောက်တည်းကို ရေးတာမဟုတ်ပါဘူး။ အကုန်လုံးကို ရေးတာပေါ့နော်။ တချို့ကျတော့လဲ ပိုပြီး ရေးတာမျိုးရှိတယ်။ တချို့ကျတော့လဲ အကောင်း ရေးတာမျိုးရှိတယ်။ အဲလိုမျိုး ပရိသတ်တွေကပေါ့နော်။ ဒါပေမယ့် ဒါတွေကတော့ ကိုယ့်အဆင့်အတန်းကို သတ်မှတ်တာလို့ပဲ ဒီးဒီကတော့ သတ်မှတ်ပါတယ်။ ကိုယ့်ရဲ့အနေအထား ကိုယ့်ရဲ့ အဆင့်အတန်းက ဘာလဲဆိုတာ ဒီရေးတဲ့ စာတွေပေါ်ကနေ ဖော်ပြတယ်လို့ သတ်မှတ်တယ်။ အဲဒီတော့ ဒီးဒီကတော့ တခါတည်း ပြောပြချင်ပါတယ်။ ဒီးဒီကို အားပေးတယ်ဆိုရင် ဒီးဒီကို ချစ်တယ်ဆိုရင် ပရိသတ်တွေ အဲလိုမျိုး မရေးကြပါနဲ့လို့။ ဘာလို့လဲဆိုတော့ အဲလိုမျိုး ရေးခြင်းကလို့ ရေးမယ်ဆိုရင် ရေးမယ့် အချိန်လေး တစ်စက္ကန့် နှစ်စက္ကန့်လေး အတွင်းမှာ စဉ်းစားကြည့်ပေးပါ။ ငါ့ညီမ ငါ့အမေသာဆိုရင် ဒါမျိုးရေးပါ့မလားလို့ စဉ်းစားကြည့်ပေးတဲ့ အနေနဲ့ အဲလိုမျိုးမရေးရင်  အကောင်းဆုံးပါပဲလို့။ ကိုယ့်ကိုမှမဟုတ်ဘူး လူတကာကို ရေးနေတဲ့အခါကျတော့ ဟိုမကောင်းဘူးပေါ့နော်။ ဟို ဖြစ်နိုင်မယ်ဆိုရင်တော့ အဲလိုမျိုး မရေးစေချင်ပါဘူး။ ကိုယ့်ရဲ့ ပရိသတ်တွေကို အဆင့်အတန်းရှိတဲ့ ပရိသတ်တွေ ဖြစ်စေချင်ပါတယ်လို့။

နော
က်ဆုံးအနေနဲ့ အမကိုချစ်တဲ့ ပရိသတ်တွေအတွက် အမရဲ့ စကားလက်ဆောင်လေး ပြောပြပေးပါဦးနော်။
အင်း...ဒီးဒီကိုချစ်တဲ့ ပရိသတ်တွေအားလုံးကို ဒီးဒီကလဲချစ်ပါတယ်။ နောက်ပြီးတော့ ဒီးဒီကိုလဲ အမြဲအားပေးပါ။ ဒီအခွေပြီးရင် နောက်အခွေတွေ အများကြီး ဆက်လုပ်ဖို့ကိုလဲ အားတွေရှိသွားပါပြီ။ နောက်ပြီးတော့လဲ ပရိသတ်ဆီကို အခွေတွေ အဆက်မပြတ် ရောက်အောင် အမြဲတမ်းလုပ်နေမှာပါ။ အဲဒီ အတွက်လဲ ကျေးဇူးအများကြီး တင်ပါတယ်.. ဟုတ်။

အခုလိုမျိုး အနုပညာတွေနဲ့ မအားလပ်တဲ့ကြားကနေ ညီမမေးတဲ့မေးခွန်းတွေ ဖြေပေးတဲ့အမကို MYMC ကိုယ်စား ကျေးဇူးအများကြီး တင်ပါတယ်။
ဟုတ်ကဲ့ပါ။ ဒီးဒီကလဲ ကျေးဇူးအများကြီး တင်ပါတယ်။

ဟုတ်ကဲ့ နောက်ကိုလဲ ဒီ့ထက်ပိုပြီးတော့ အောင်မြင်မှုရပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

ဟုတ်ကဲ့ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။

No comments:

Post a Comment