Popular Posts

Friday, May 27, 2011

စိုင်းစိုင်းခမ်းလှိုင် Interview

2

ဒီအင်တာဗျူးကို သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ တင်ဖြစ်တဲ့အတွက် ပထမဆုံး တောင်းပန်ပါရစေ။ ကျွန်တော်တို့ ရန်ကုန်က MYMC Member တစ်ယောက် အသည်းအသန် နေမကောင်းဖြစ်လို့ ခဏရပ်ဆိုင်းထားလိုက်လို့ပါ။ အခုအကုန်အဆင်ပြေပြီဖြစ်တဲ့အတွက် နောက် မကြာခင် အင်တာဗျူးအသစ်များလည်း ထပ်ပြီးလာပါမယ်။ ဆက်လက်ပြီး စောင့်မျှော်အားပေးကြပါ။
မဟူရာ
1
ကိုစိုင်းစိုင်းခမ်းလှိုင် မင်္ဂလာပါ။ ညီမကတော့ MYMC Radio Station မှ Interviewer Aquarious ဖြစ်ပါတယ်ရှင့်။ ပထမဦးဆုံး အကို့ ရဲ့နာမည်အရင်းလေးကိုပြောပြပေးပါနော်။
မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်ရဲ့နာမည်အရင်းကလည်း စိုင်းစိုင်းခမ်းလှိုင်ပါပဲ။ အဖေက ဦးခမ်းလှိုင်ဆိုတော့ ကျွန်တော်က နာမည်အရင်းက စိုင်းစိုင်းပေါ့၊ အဖေက ဦးခမ်းလှိုင်ဆို တော့ စိုင်းစိုင်းခမ်းလှိုင်ပေါ့။

ဟုတ်ကဲ့၊ အကိုကတောင်ကြီးသားလို့ သိရပါတယ်။ အကိုကတောင်ကြီးသားဆိုတော့ ဘယ်အချိန် ရန်ကုန်ကို ရောက်ပြီးတော့ ဒီအနုပညာလုပ်ငန်းတွေကို လုပ်ဖြစ်တာပါလဲ။
တောင်ကြီးမှာ ၁၀တန်း ဖြေပြီးတဲ့အချိန်ထိနေခဲ့ပါတယ်၊ ၁၀ တန်းပြီးတော့မှ ရန်ကုန်ကို ရွှေ့လာပြီးတော့ အနုပညာအလုပ်ကိုစလုပ်ဖြစ်ပါတယ်။

ဟုတ်ကဲ့၊ အကို့ရဲ့မွေးရပ်ဇာတိကလေ အေးချမ်းပြီးတော့ ပျော်စရာကောင်းတယ်ဆိုတော့ ဒီတောင်ကြီးနဲ့ ပက်သက်ပြီးတော့ ပျော်ရွှင်စရာ အမှတ်တရလေးတွေရှိရင် ပြောပြပေးပါ ရှင်။
တောင်ကြီးနဲ့ ပတ်သက်လို့ အမှတ်တရတွေကတော့ အများကြီးပဲဗျာ၊ အရင်ဆုံး တောင်ကြီးဆိုရင်အရင်ဆုံး လွမ်းတာက ရာသီဥတုကို လွမ်းပါတယ်။ ရန်ကုန်ကပူတော့ ရန်ကုန်နဲ့တော့ တခြားစီပဲပေါ့။ ဟိုမှာက အေးချမ်းပြီးတော့ အဲလိုမျိုး ရာသီဥတုကို လွမ်းပါတယ်။ နောက်ပြီးတော့ ရှမ်းအစားအသောက်တွေကို လွမ်းတယ်၊ ဟိုမှာ ရှမ်းစာတွေရှိတယ်၊ အင်းစာတွေရှိတယ်။ အဲဒါတွေကိုလည်း လွမ်းတယ်။ နောက်ပြီးတော့ ကျွန်တော်ကအဲဒီမှာ ကျောင်းတက်ခဲ့တာဆိုတော့ ကျောင်းကိုလည်း လွမ်းတယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေကိုလည်း လွမ်းတယ်။ နောက်ပြီးတော့ တောင်ကြီးက ကောင်မလေးတွေက ချောတယ်။
ဟုတ်ကဲ့၊ အကိုက အဆိုတော်မလုပ်ခင် model လုပ်ခဲ့သေးတယ်ဆိုတော့ ဒီအဆိုတော်လိုင်းဘက်ကို ဘယ်လိုပြောင်းခဲ့တာပါလဲ။
အဆိုတော်မလုပ်ခင် model လုပ်တယ်ဆိုတာက ရန်ကုန်ကိုစရောက်လာ ပြီးတော့သီချင်းဆိုဖို့ ကြိုးစားနေဆဲမှာ သီချင်းဆိုခြင်းက အလုပ်တစ်ခုမဖြစ်လာခင်မှာ model တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့ရပါတယ်။အဲဒီတုန်းကVCD တွေရိုက်တာစခေတ်စားလာတယ်။ အဲတော့ VCD တွေမှာတခြားအဆိုတော်ကြီးတွေရဲ့ သီချင်းတွေမှာ သရုပ်ဆောင်တယ်၊ အဲဒါကအဓိက ပဲပေါ့၊ နောက် TV ကြော်ငြာတွေ ရိုက်တယ်၊ နောက်တော့မှ၂၀၀၀ ပြည့်နှစ်မှကျွန်တော်ရဲ့ ပထမဆုံး album ထွက်ပါတယ်။
ဟုတ်၊ချောကလက်ရောင်ရေခဲပြင်အိပ်မက်ဆိုတဲ့ Album က အကို့ရဲ့ပထမဆုံးalbum ပေါ့နော်။
ဟုတ်ပါတယ်။

ဟုတ်ကဲ့။အဲဒီ album ကလေပရိတ်သတ်တွေဆီကို သိပ်ရောက်သွားတာမတွေ့ဖြစ်ဖူးပေါ့နော်၊ အဲလိုအချိန်မှာ အကိုဘယ်လိုခံစားရပါသလဲ။
သူကတော့ ကျွန်တော်ရဲ့တခြား album တွေနဲ့စာရင် သူကမအောင်မြင်ဘူးလို့ပြောရမဲ့အခွေဖြစ်ပါတယ်၊ ပြီးတော့ပထမဆုံး ခြေလှမ်းဖြစ်တဲ့အခါကျတော့ နည်းနည်းစိတ်မကောင်းတော့ဖြစ်တာပေါ့လေ။ ဒါပေမဲ့ ပထမဆုံး ခြေလှမ်းဖြစ်တဲ့အတွက် အဲဒီထဲမှာမှ ကိုယ်မကျွမ်းကျင်တာတွေ၊ ကိုယ်ရေးတဲ့သီချင်းမကောင်းတာတွေလည်း ဖြစ်နိုင်တာပေါ့၊ ပြီးတော့နောက်တစ်ခွေမှာဘယ်လိုမျိုး ပြင်ဆင်မလဲ ဆိုတာတွေ၊ ပထမအခွေတွေမှာရတဲ့ အတွေ့အကြုံတွေ၊ အဲဒီတုန်းက တခြား သူငယ်ချင်းတွေဆိုတဲ့ အခွေတွေကအောင်မြင်တယ်၊ ဘာကြောင့်အောင်မြင်သလဲ ဆိုတာတွေကိုပြန်ပြီးပြင်ဆင်ပြီးတော့မှ ဒုတိယအခွေ သူငယ်ချင်းများစွာထွက်ပါတယ်။

အခုထွက်ထားတဲ့အခွေကတော့ ever ဂေါ်လီ ပေါ့နော်။ ever ဂေါ်လီအခွေအနေနဲ့ ရော အကိုကျေနပ်လား။
ever ဂေါ်လီအခွေကိုလည်းကျေနပ်ပါတယ်၊ အခုနောက်ဆုံး ကိုယ်ဖြစ်နေတဲ့အရွယ်၊ ကိုယ်ဖြစ်နေတဲ့စိတ်ခံစားမှု၊ ကိုယ့်ပတ်ဝန်းကျင်မှာ everဂေါ်လီ သီချင်းတွေဟာ ကိုယ်ရေးနိုင်သလောက်၊ တီးနိုင်သလောက် ဒါလက်ကုန်ပဲ၊ ပြီးတော့ ခံစားမှုတွေကလည်း အစစ်အမှန်တွေ၊ ကိုယ်လုပ်ချင်နေတာတွေက လည်း စိတ်နဲ့ထပ်တူကျ နေတဲ့အတွက် စိတ်တိုင်းကျပါတယ်။
အဲတာဆိုရင် အခုလက်ရှိအနေအထားက ကိုစိုင်းစိုင်းရဲ့  အိပ်မက်တွေ၊ ဆန္ဒတွေနဲ့ ကော ထပ်တူကြနေပြီလား။
ဒါကတော့ဗျာ ရည်မှန်းချက်တွေက  အိပ်မက်တွေက အများကြီးဆိုတော့ တချို့ဟာတွေကလည်း ထပ်တူကြတာပေါ့။ တချို့ဟာတွေကျတော့ လည်း မဖြစ်သေးဘူးပေါ့။
ဟုတ်ကဲ့ ဒီလိုအောင်မြင်လာဖို့  ကူညီခဲ့တဲ့လက်ဦးဆရာတွေရှိရင်လည်း ပြောပြပေးပါရှင်။2
လက်ဦးဆရာရယ်လို့တော့ တယောက်ချင်း အဲလိုနာမည်တပ်ပြီး ပြောဖို့က ခက်ပါတယ်။ ကျွန်တော်က ဒီmusic school တွေ ဘာတွေသွားပြီး တက်ခဲ့တာလည်း မဟုတ်ဘူးဆိုတော့ တယောက်ချင်း သူ့သီးသန့် သီးသန့်စီ ပြောဖို့တော့မရှိဘူး။ ဒါပေမယ့် ဒီကိုယ့်အရှေ့က ဂီတသမားတွေ၊ ဒီဂီတပညာရှင်တွေ၊ အဆိုတော်တွေ၊ တေးရေးတွေ အထူးသဖြင့်တော့ တေးရေးတွေ ပြီးတော့အတီးသမားတွေကော အကုန်လုံးက တစ်နေရာ ရောက်ရင် ဒါလေးသင်ပြပေးလိုက်၊ တစ်နေရာရောက်ရင် ဒါလေး အမှားပြင်ပေးလိုက်ဆိုတော့ အကုန်လုံးကတော့ ဆရာတွေပါပဲဗျာ။ အကုန်လုံးကိုတော့ ကိုယ့်ဆရာတွေလို့ပဲ ပြောရမှာပါပဲ။

အပြင်မှာပေါ့နော် အကို့ ကို ဒီဝေဖန်ပြောဆိုနေကြတဲ့ ကောလဟာလတွေကို ကြားရင်ကော အကိုစိတ်ပျက်မိလား။
စိတ်ပျက်တဲ့အခါလည်းရှိတယ်။ ဟိုစိတ်မပျက်တဲ့အခါလည်းရှိပါတယ်။ ကောလဟာလဆိုတာကတော့ လောကသဘာဝပါပဲလို့ ပဲ ခံစားပါတယ်။ နောက်ပြီးတော့ ဒီလိုကောလဟာလဆိုတဲ့ဟာတွေ ဒီလိုကိုယ့်အကြောင်း ကောင်းတာဖြစ်စေ၊ ဆိုးတာဖြစ်စေ ကိုယ့်အကြောင်းကို ပြောဆိုနေ တယ်ဆိုတဲ့ ဟာကလည်း ဒီအောင်မြင်ကျော်ကြားမှုရဲ့ နောက်ဆက်တွဲမှာ ပါလာတဲ့ အရာတွေပဲဆိုတော့ ဒါကိုကိုယ်ကြိုက်လည်းလက်ခံ၊ မကြိုက်လည်း လက်ခံရမှာပဲ။
အဲတော့ အကိုအဲတာတွေကိုကော ဘယ်လိုတုံ့ ပြန်ပါသလဲ။
များသောအားဖြင့်ကတော့ မတုံ့ပြန်ပါဘူး။ ကောလဟာဟ ဆိုကတည်းကိုက ဒီလိုအခြေအမြစ်မရှိတဲ့ဟာတွေက များတယ်လေ။ ပြီးတော့ ကိုယ့်ကိုတိုက်ရိုက် လာပြောနေတာမဟုတ်ပဲနဲ လူတွေကအချင်းချင်း ဒီရပ်ကွက်ထဲမှာ၊ဟိုရပ်ကွက်ထဲမှာ၊ ဟိုမြို့မှာ၊ ဒီမြို့မှာ ပြောနေတာ ကြားတော့ ဘယ်လိုလို့လိုက်ပြီးတော့ ဖြေရှင်းမလဲဗျာ။ ပြီးတော့ တချို့ကောလဟာလတွေက လိုက်ပြီးတော့ရှင်းတော့မှ ပိုပြီးတော့ ရှုပ်တာတွေလည်း ရှိတယ်ဆိုတော့ များသောအားဖြင့်ကျွန်တော်ကတော့ ဂရုမစိုက်ဘူး။

အဲတာဆိုရင် အကို သီချင်းဆိုတာနဲ့ သရုပ်ဆောင်တာ အကိုဘယ်ဘ၀မှာပိုပျော်ပါသလဲ။
သီချင်းဆိုတာကိုပိုပျော်ပါတယ်။ သရုပ်ဆောင်တာလည်းကြိုက်ပါတယ်။

အကိုဒီလိုမျိုးသီချင်းတွေ၊ အခွေတွေနဲ့ကော မအားတဲ့ကြားကနေ စက္ကူငှက်ဆိုတဲ့အကိုရဲ့ လုံးချင်းဝတ္ထုစာအုပ်တွေကို အကိုဘယ်လိုရေးဖြစ် တာပါလဲ။

စာရေးခြင်းက ကျွန်တော်တစ်ယောက်တည်းလုပ်ရတဲ့အရာဖြစ်လို့ တော်တော်မွေ့ပျော်ပါတယ်။ အခုချိန်ထိလည်း ကျွန်တော်တယောက်တည်း ဖြစ်နေတဲ့အချိန်တွေမှာ ပျော်နေတာပဲဖြစ်ဖြစ်၊ စိတ်ညစ်တာပဲဖြစ်ဖြစ် ကျွန်တော်စာကတော့ အဲလို တို့ထိတို့ထိတော့ ရေးဖြစ်ပါတယ်။ ၀ါသနာ.... စာရေးတာဝါသနာပါမှန်း ငယ်ငယ်ကကျွန်တော်မသိဘူးဗျ။ ဒါပေမယ့်ကျွန်တော်အဲလိုရေးရင်းရေးရင်းနဲ့ ဒါကိုကြိုက်တယ်။ စာရေးနေရတဲ့ပေါ်မှာ ဒါကိုကိုယ့်ကိုကိုယ်ဘယ်လောက်ကျေနပ်ပြီး မြှောက်နေလည်းဆိုတာ တဖြည်းဖြည်းနဲ့ တွေ့ လာတယ်။ စာရေးနေတာကို ကျွန်တော်အရမ်းကြိုက်တယ်။
အဲတာဆို အကိုဝတ္ထုတွေဆက်ရေးဖို့ ကော အစီအစဉ်ရှိပါသလား။

အစီအစဉ်ရှိပါတယ်။

4အကိုအနုပညာအပြင် ဘာသာရေး၊ လူမှုရေးတွေကို ဘယ်လိုအချိန်တွေမှာ လုပ်ဖြစ်ပါ သလဲ။
ဘာသာရေးကလည်း ဟို..ပြောရရင် ဘုရားရှိခိုးတာလောက်ကလွဲပြီးတော့ ဘာသာရေး သိပ်မလုပ်ဖြစ်ဘူး။ (ရယ်လျက်) ဘုရားရှိခိုးတာတောင်မှ မပြောတတ်ဘူးဗျာ ဟိုနည်း နည်း နည်းနေသေးတယ်။ ( ဖြေပြီး အားရပါးရ ထပ်ရယ်နေလျက်) လူမှုရေးကတော့ အခါအားလျော်စွာလုပ်ဖြစ်ပါတယ်။

အကို့ ဘ၀ရဲ့ အရေးအကြီးဆုံးအရာကိုပြောပါဆိုလို့ ရှိရင် အကိုဘာပြောချင်လဲ။
ဘ၀ရဲ့အရေးအကြီးဆုံး အရာတွေက အခြေအနေ အချိန်အခါပေါ် မူတည်ပြီးတော့ ကွဲပြားပါတယ်။ အဲတာက ဘယ်လိုပြောမလဲဗျာ  မေးခွန်းတွေပေါ် မူတည်ပြီးတော့ပဲ ကွဲပြားမယ်နဲ့တူတယ်။ ဒီနေ့အတွက် ဘာအရေးကြီးဆုံးလဲ။ ဒါမှမဟုတ်လည်း ဒီသီချင်းတပုဒ်အတွက် ဘာအရေးကြီးဆုံးလဲ။ ဒီဘ၀တခုလုံးနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ ဘယ်ဟာအရေးကြီးဆုံးလဲဆိုတာ ပြောရနည်းနည်းခက်ပါတယ်။
ပြီးတော့ First Ladyနဲ့ တွဲဆိုထားတဲ့ ဒီ"Hamster never be replaced"ဆိုတဲ့အင်္ဂလိပ်သီချင်းလေးက တော်တော်လူသိများပါတယ်။ အထူးသဖြင့် အွန်လိုင်းမှာအသိများပါတယ်။ အဲလို ဒီလိုအင်္ဂလိပ်သီချင်းတွေဆိုဖို့ကော အစီအစဉ်ရှိပါသေးသလား အကို။
မရှိသေးဘူးနဲ့တူပါတယ်။ ဟို.. ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ကအင်္ဂလိပ်စာ နည်းနည်းအားနည်းပါတယ်။ နည်းနည်းပိန်းတယ်ဆိုတော့ သိပ်မရေးတတ်ဘူးဗျ။ အဲသီချင်းရေးတာက အဲဒီသီချင်းလေးက အဲလိုပဲကျွန်တော် Online မှာ Download လုပ်လိုက်ပြီးတော့ ဟာ ဒီသီချင်းလေးမိုက်တယ်ဆိုပြီးတော့ ကျွန်တော်အဲဒါ Rap တွေ ကျွန်တော်လုပ်ကြည့်လိုက်ရင်းနဲ့.. ပြီးတော့ ဒီFirst Lady ဆိုတာကလည်း ကိုယ့်နိုင်ငံကလည်း မဟုတ်ဘူး။ သူများဆိုတော့ ကျွန်တော်အဲဒါကို Release လုပ်လို့လည်း မဖြစ်ဘူးဆိုတော့ ကိုယ့်ဟာနဲ့ကိုယ်အပျော်လေးပဲ ရေးပြီးတော့သွင်းထားတာ။ အဲဒါကနေ ကျွန်တော် Online မှာ သူငယ်ချင်းတွေကို ပေးနားထောင်ရင်းကနေ ပြန့်သွားတာ။ အမှန်ကတော့ ကျွန်တော်ဖြန့်တာလည်းမဟုတ်ဘူး။
ပြီးတော့ ဒီ City FM 7th Anniversary မှာပါတဲ့ အကိုနဲ့ မသီရိဆွေတို့ရဲ့ အမြဲတမ်းယုံကြည်တယ်ဆိုတဲ့သီချင်းကို ညီမတို့ MYMC ရေဒီယိုမှာဆိုရင် Request တော်တော်လုပ်ကြတယ်ပေါ့နော်။ ပြီးတော့ VCD မှာပါတဲ့ Performance လေးကလည်း တော်တော် ကြည့်လို့ကောင်းပါတယ်။ အဲဒီသီချင်းလေး ဖြစ်ပေါ်လာပုံလေးကိုလည်း ပြောပြပေးပါဦး အကို။

အဲဒီသီချင်းကို ကျွန်တော်ရေးထားတာက နည်းနည်းကြာသွားပြီ။ အရင်တုန်းက ကျွန်တော်ဒီသီချင်းကို မို့မို့နဲ့ဆိုဖို့။ နောက်ပိုင်း မို့မို့က အိမ်ထောင်ကျသွားပြီးတဲ့အခါကျတော့ ကျွန်တော်နဲ့သီချင်းတွေဘာတွေ သိပ်တွဲပြီးမလုပ်ဖြစ်တော့ဘူး။ နောက်ပိုင်းက သီရိဆွေနဲ့ပဲ ဆိုတာများတော့ သီရိဆွေကို ဒီသီချင်းလေး ကျွန်တော်အိမ်မှာ ဂစ်တာလေးနဲ့ ဆိုပြီးတော့ ဆိုပြကြည့်တော့ သူက ဟာကြိုက်တယ်တဲ့၊ မိုက်တယ်တဲ့။ အဲဒါဆိုတော့ ဆိုကြမယ်ဆိုပြီးတော့ အဲဒါဆိုပြီးတော့ သိမ်းထားတာ။ ပြီးတော့ အဲဒီသီချင်းရဲ့ တီးလုံးကလည်း ကျွန်တော်နဲ့မိုးမိုးနဲ့ မေမြို့မှာသွားနေကြရင်းနဲ့ တီးထားတာ။ အဲတော့ သူ့သီချင်းရဲ့နောက်ခံကတော့ နည်းနည်း တခြားသီချင်းတွေလို သိပ်မရိုးရှင်းဘူး။ ဒါပေမယ့် အဲလိုသိမ်းထားရာကနေ City FM မှာဆိုဖို့ဖြစ်လာတော့ ဇေယျာတို့နဲ့ တိုင်ပင်ပြီးတော့ အဲလိုမျိုး အဲဒီ Performance ပိုင်းလေးကို လုပ်လိုက်တာပါ။ အောင်မြင်တော့လည်း ပျော်တာပေါ့ဗျာ။
ဟုတ်ကဲ့။ အခုခေတ်တက်လာတဲ့ Hip Hop အဆိုတော်တွေကို အကိုဘယ်လို အကြံဥာဏ်တွေပေးချင်ပါလဲ။
ဘာမှတော့ သိပ်ပြီးတော့ ပြောစရာမရှိပါဘူးဗျာ။ အားလုံးကတော့ ကိုယ့်အရည်အချင်းနဲ့ကိုယ် အဲလိုမျိုး တော်ကြတဲ့သူတွေကလည်း များတာကိုး။ ပြီးတော့ အားလုံးကလည်း ကိုယ့်သဘောကိုယ် ဆောင်နေတာဆိုတော့ ဘာမှတော့ ၀င်ပြောစရာအကြောင်းတော့ ဘာမှမရှိပါဘူး။ ဒါပေမယ့် ဟို ကျွန်တော့်တစ်ဦးတည်းပေါ့နော် ကျွန်တော်က ဒီသီချင်းတွေရဲ့ ပရိသတ်အနေနဲ့ ပြောရရင်တော့ အဲလို အနုပညာမြောက်လေလေ ကျွန်တော်ကတော့ သဘောကျလေလေပဲ။ အနုပညာဆန်လေလေ အဲလိုရင်ကိုထိလေလေ၊ ကြိုက်လေလေပဲ။ 3

ုတ်ကဲ့။ ပြီးတော့ ကိုစိုင်းစိုင်းမှာ Official Website ရှိတယ်လို့ သိရပါတယ်။ အကို့ကိုချစ်တဲ့ အကို့ပရိသတ်တွေသိအောင် ပြောပြ ပေးပါဦးရှင့်။
www.saisaionline.com အဲဒီကို သွားလို့ရတယ်။ နောက်ပြီး ဟို Facebook မှာလည်း ကျွန်တော့် Account ရှိတယ်။ ဟို saisai.frenzo@gmail.com။ အဲကောင်နဲ့ရှာလိုက်ရင် ကျွန်တော့် ရဲ့ Facebook အစစ်ကို ရောက်ပါမယ်။ မဟုတ်ရင် Facebook မှာလည်း အဲလို Account အတုတွေ အများကြီး ဖြစ်နေလို့။
ပြီးတော့ အကိုတို့လို ဒီအနုပညာရှင်တွေနဲ့ ပရိသတ်တွေကို online ကနေတဆင့် ဆက်သွယ်ပေးနေတဲ့ ညီမတို့ရဲ့ MYMC Radio Station ကိုရော အကိုဘယ်လိုမြင်ပါသလဲရှင့်။
ဟို Online Radio ဆိုတော့ သူ့ Coverage က တစ်ကမ္ဘာလုံးဖြစ်သွားတဲ့အတွက် ဒီဟာကို ဒီကနေကျွန်တော်တို့ ပရိသတ်တွေက ကျွန်တော်တို့အကြောင်းတွေကိုလည်း Interview တွေကတဆင့်သိရမယ်။ ကျွန်တော်တို့ စကားသံတွေနားထောင်ရမယ်။ နောက်ပြီးတော့ ကျွန်တော်တို့သီချင်းတွေလည်း လွှင့်မယ်ဆိုတော့ အဲဒါ ဒါကိုကျွန်တော်တို့က ကြိုဆိုပါတယ်။ ကြိုက်ပါတယ်လို့ပဲ ပြောချင်ပါတယ်။
ဟုတ်ကဲ့။ အဲဒါဆိုရင် အခုနောက်ဆုံး အကို့ကိုချစ်တဲ့ အကို့ပရိသတ်ကြီးကို စကားလက်ဆောင်လေးပေးခဲ့ပါဦးရှင့်။
ကျွန်တော့်ပရိသတ်အားလုံး အခု 2010 မှာ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။ အားလုံးချမ်းသာသုခမြဲပါစေလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျ။
ဟုတ်ကဲ့။ အခုလို ညီမတို့သိလိုသမျှကို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့ ကိုစိုင်းစိုင်းခမ်းလှိုင်ကို MYMC ကိုယ်စား ညီမ Interviewer Aquarius က ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။ ကိုစိုင်းစိုင်းခမ်းလှိုင်လည်း အခုထက်ပိုပြီးတော့ ဆထက်တပိုးအောင်မြင်မှုတွေရနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
ပေးတဲ့ဆုနဲ့ အမျာကြီးပြည့်ပါစေဗျာ။

No comments:

Post a Comment