Popular Posts

Friday, May 27, 2011

Bobby Soxer Interview

Bobby Soxer


1ထက်ထက်ရေ.. မင်္ဂလာပါနော်။
ဟုတ်။ မင်္ဂလာပါ အစ်ကို။

အကိုက MYMC Online Radio  က Charm ပါ။ ညီမကိုချစ်တဲ့ပရိတ်သတ်တွေအတွက် ညီမအကြောင်းနည်းနည်းမေးချင်လို့ မေးခွန်းလေးတွေမေးမယ်နော်။ ပထမဆုံးညီမရဲ့မွေးနေ့နဲ့ နာမည်အရင်းလေးကို ပြောပြပေးလို့ရမလား။
ထက်က 93 born ပါ။ ၂၂ ရက် မေမှာ မွေးပါတယ်။ ပြီးတော့ ထက်ရဲ့နာမည်အရင်းက ထက်ထက်အောင်ပါ။

ညီမရဲ့ အနုပညာနာမည်က Bobby Soxer နော်။ ဒီနာမည်လေးကို ဘယ်လိုလုပ် ရွေးဖြစ်သွားတာလဲ။
ဒီနာမည်ကိုဘယ်လိုရွေးဖြစ်လဲဆိုတော့ အစကသီချင်းစဆိုခါစတုန်းက အဲဒီထက်ထက်ဆိုတဲ့ နာမည်နဲ့ပဲဆိုမလို့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနာမည်က ခေါ်ရတာလည်းလွယ်တယ်။ ပြီးတော့ကိုယ့်အနုပညာ အသိုင်းအဝိုင်းက ကိုယ်နဲ့သိတဲ့သူတော်တော်များများကလည်း ထက်ထက်လို့ပဲ ခေါ်ကြတာကိုး။ အဲဒီမှာထက်ထက်ဆိုပြီးတော့ အဆိုတော်တစ်ယောက်ပေါ့နော်။ စီးရီးထွက်ပြီးသား အဆိုတော်တစ်ယောက်ကရှိနေတယ်။ ရှိနေတဲ့အခါကျတော့ အဲလိုမျိုးဆင်တူရိုးမှားတွေဖြစ်သွားမှာစိုးလို့ အနုပညာနာမည်ရှာတယ်။ ရှာတဲ့အခါမှာ အဲဒါအစ်ကိုအစ်ကို။ ထက်ရဲ့အစ်ကိုက အဲဒီမှာ "Bobby Soxer" ကိုသူရှာလာတာ။ သူရွေးတာပဲ ဘယ်ကရွေးတာလဲတော့မသိဘူး။  အဲဒီ Bobby Soxer ဆိုတဲ့အဓိပ္ပါယ်က ဆယ်ကျော်သက်အရွယ် မိန်းကလေးဆိုတဲ့အဓိပ္ပါယ်ပါ။ အဲလိုမျိုးနဲ့ ပေးဖြစ်သွားတာ။

ဒါနဲ့ညီမ Hip Hop ကိုဆိုဖို့ပေါ့နော် ဘယ်လိုဖြစ်လို့  ရွေးချယ်ခဲ့တာလဲ။ ကိုယ်က စိတ်ဝင်စားလို့လား။
ဒီ Hip Hop ကို ဘယ်လိုရွေးချယ်ခဲ့တာလည်းဆိုတော့ ကိုယ်တိုင်စိတ်ဝင်စားလို့ပေါ့။ ဒါပေမယ့် ဒီ music ကို စိတ်ဝင်စားသွားစေခဲ့တာကတော့ ထက်အစ်ကိုကြောင့်လို့ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထက်လေးတန်းလောက်မှာပေါ့နော်။ မြန်မာပြည်မှာ Hip Hop ACID စထွက်တော့မှသာ ထက်က Hip Hop ဆိုတာ ဘာလဲသိလာတာ။ သိလာတဲ့အခါမှာ ထက်အစ်ကိုက အခွေတွေဝယ်လာတယ်။ အင်္ဂလိပ် အခွေရော မြန်မာအခွေရောပေါ့နော်။ အဲတုန်းက နှိုက်နှိုက်ချွတ်ချွတ်ပဲ။ သူဘယ်ကနေ ရှာလာလဲမသိဘူး။ အဲကနေပြီးတော့မှ နားထောင်ကြည့်တယ်။ စိတ်ဝင်စားတယ်။ အသစ်အဆန်းတစ်ခုလိုဖြစ်နေတယ်။ ဖြစ်နေတော့ အဲကနေပြီးတော့ ထက်ထက်ကအဲလို အရမ်းလက်တည့်စမ်းတာ။ အစ်ကိုလုပ်ရင်အရမ်း လိုက်လုပ်တတ်တယ်။ လိုက်လုပ်တတ်တော့ အဲဒီမှာငါလည်း လိုက်ရေးကြည့်လို့ရလားပေါ့။ သီချင်းတွေအဲလို လိုက်ရေးကြည့်။ အဲကနေပြီးတော့မှ ထဲထဲဝင်ဝင်နဲ့ ဒီ Music ကို စိတ်ဝင်စားပြီးလုပ်ဖြစ်သွားတာပါ။

အဲဒါဆို သီချင်းကို ဘယ်အချိန်လောက်ကတည်းက ၀ါသနာပါခဲ့တာလဲ။
သီချင်းကို ဝါသနာပါတာကတော့ ငယ်ငယ်လေးတည်းက နှစ်တန်းလောက်တည်းက။ ဒါပေမယ့် အဲတုန်းက Melody တွေ နားထောင်တာပေါ့နော်။ နောက်ပိုင်း ဒီ Hip pop ထွက်လာတဲ့အခါကျတော့ Acid ထွက်လာတဲ့အခါကျတော့ Hip Hop ကိုပဲ သေသေချာချာ လုပ်ဖြစ်ခဲ့တာပေါ့။

ဒါဆို ဒီဂီတလောကထဲကို ရောက်လာတဲ့အချိန်ကရော။
ဂီတလောကထဲကို စဝင်လာတာက 2010။

ညီမကို Bobby Soxer ရယ်လို့ ပရိသတ်ကစပြီး အသိအမှတ်ပြုခဲ့တာ ဘယ်သီချင်းကြောင့်လို့ထင်လဲ။
ဘယ်သီချင်းလည်းဆိုတော့ ထက်ကအရင်တုန်းက Bobby Soxer အနေနဲ့ဆိုရင် အဲ G-Fam က ကိုရဲရင့် နဲ့ featuring တစ်ပုဒ်ဆိုဖူးတယ်။ ကို G-Tone နဲ့ဆိုဖူးတယ်။ ပြီးတော့ Tiny Twist ဆိုပြီးတော့ အဲဒီအဖွဲ့။ Tiny Twist အနေနဲ့က အဲလိုမျိုးသီချင်းတွေ လုပ်ခဲ့ဖူးတယ်ပေါ့နော်။  အဲဒီမှာ ပရိသတ်ကနည်းနည်း နည်းနည်းစီပဲသိသေးတယ။် ဒါပေမယ့် အဲလိုမျိုးနည်းနည်း လူသိမှတ်အပြုခံရတဲ့သီချင်းကတော့ ကိုရဲလေးရဲ့ ဒုတိယ Album ပေါ့နော်။ တတိယကာရန် album ထဲက နှုတ်မဆက်ချင်ဘူးဆိုတဲ့ သီချင်းနဲ့လို့တော့ထင်တာပဲ။

ညီမက အဲဒီ MTV မှာလေ ကိုယ်တိုင်သရုပ်ဆောင်ထားတယ်နော်။ အဲဒါပထဦးဆုံး အကြိမ်ပဲလား။
ဟုတ်ကဲ့။ အဲဒါပထမဦးဆုံးအကြိမ်ပါပဲ။

ဘယ်လိုအခက်အခဲတွေများ ကြုံခဲ့ရသေးလဲ။
ဘယ်လိုအခက်အခဲတွေ ကြုံလည်းဆိုတော့ သူကသရုပ်ဆောင်တော့ စိတ်မကောင်းတဲ့ပုံ နှုတ်မဆက်ချင်တော့ဘူးဆိုတော့ပုံလေးတွေကို အလွမ်းအဆွေးလေးနဲ့သရုပ်ဆောင်ရတော့။ ဘယ်လိုပြောမလဲ အဲလို နဂိုတည်းက လူကပျော်ပျော်ရွှင်ရွှင် ဖလန်းဖလန်းထပြီးနေတဲ့လူဆိုတော့ မျက်နှာကို အဲလိုမျိုး ငြိုးငြိုးငယ်ငယ်လေး လုပ်ရတာခက်တာပေါ့နော်။ ငြိုးငြိုးငယ်ငယ်သနားစရာကောင်းအောင် လုပ်ရတာခက်တယ်။ အဲဒီ အခက်အခဲတော့ရှိတယ်။ အဲဒါပါပဲ။

ဒါဆိုဆက်ပြီးတော့ သရုပ်ဆောင်ဖို့အစီအစဉ်ရှိသေးလား။

ဆက်ပြီးတော့သရုပ်ဆောင်ဖို့ကတော့ အဲလိုမင်းသမီးလုပ်ဖို့ အရည်အချင်းကတော့မရှိပါဘူး။ ဘယ်လိုလဲဆိုတော့ ကိုယ်ဆိုတဲ့သီချင်းတွေမှာ ကိုယ်ဝင်ပြီး သရုပ်ဆောင်မယ်။ ကိုးရိုးကားယားလေးတွေ ဝင်လုပ်မယ်။ အဲလိုမျိုးလေးပဲရှိပါတယ်။2

ခုနကပြောတယ်လေ။ အကိုနဲ့ ညီမအကိုကိုစိုးဖြိုး သူနဲ့ Tiny Twist အတူတူလုပ်ထားတယ်လေ။သီချင်းတွေဆိုခဲ့သေးတယ်နော်။ အဲဒီအဖွဲ့ကိုပဲ ဆက်လုပ်ဖို့ရှိသေးလား။
အဲဒီအဖွဲ့ကိုက ဆက်လုပ်ချင်ပေမယ့်လည်း လုပ်လို့မရတော့ဘူး။ ဘာလို့လည်းဆိုတော့ ကိုကြီးစိုးဖြိုးက နိုင်ငံခြားထွက်သွားပြီ။ သဘောင်္ထွက်သွားပြီဆိုတော့ အင်း ဒါပေမယ့်လည်း သူအဲလိုမျိုး သဘောင်္ကပြန်လာတဲ့အချိန်တွေ ဘာတွေတို့ဆိုရင် ထက်သီချင်းတွေမှာ သူ Featuring ဝင်ဆိုပေးတယ်ပေါ့နော်။ အဲလိုမျိုးပဲရှိတယ်။ Tiny Twist ဆိုပြီးတော့ နာမည်ခံပြီးတော့ လုပ်ဖို့ကတော့မရှိပါဘူး။ ထက်တစ်ကိုယ်တော် solo အနေနဲ့ပဲ သွားဖို့ရှိတယ်။

ဒီ Bobby Soxer အနေနဲ့ပဲပေါ့နော်။
ဟုတ်အဲလိုပဲဆက်လုပ်ဖို့ရှိတော့တယ်။

ညီမက သီချင်းတွေကို ကိုယ်တိုင်ရေးတယ်လို့လည်း သိရပါတယ်။ ဘယ်လို ခံစားချက်တွေနဲ့ရေးလဲ။
ဟုတ်။ ဘယ်လိုခံစားချက်တွေနဲ့ ရေးလည်းဆိုတော့ အချစ်သီချင်းတွေကတော့ လူငယ်လည်းဖြစ်တော့လွယ်တယ်။  ထက်ထက်အတွက်က အချစ်သီချင်းရေးရတာလွယ်တယ်။ အဲလိုမျိုး Hip Hop Culture နဲ့ပက်သက်ပြီး Street Life ဘက်ကပုံစံတွေ။ ဘဝ အကြောင်းအရာတွေ ရေးတဲ့အခါမှာခက်တယ်။ ဒါပေမယ့် ထက်ကအဲလိုမျိုးတွေ ဝါသနာပါတယ်။ ပါတော့ဘယ်လိုဖြစ်လဲဆိုတော့ ကိုယ်ကမိန်းကလေးလည်းဖြစ်တယ်။ ဒီမြန်မာပြည်ရဲ့ မြန်မာပြည်အနေအထားနဲ့ပေါ့နော် မိန်းကလေးတစ်ယောက်ကို အုပ်ထိန်းတဲ့ပုံစံတွေက ဒီလမ်းမပေါ်ကဘဝတွေကို သိဖို့မလွယ်ဘူးလေ။ မလွယ်တော့ ထက်တို့က စာတွေ့ပဲရှိတယ်။ စာတွေ့နဲ့  ဥပမာ ကိုယ်သွားရင်းလာရင်း မြင်တဲ့လူတွေပေါ့နော်။ ဥပမာ ဆင်းရဲတဲ့လူတွေ အဲလိုမျိုးဘဝအကျိုးအပေးမကောင်းတဲ့လူတွေ သူတို့ရဲ့ဘဝတွေ ကိုဝင်ခံစားပြီးရေးကြည့်ရတာပေါ့။ အဲလိုမျိုးတော့ရှိပါတယ်။

အခုနောက်ပိုင်းမှာ Hip Hop နဲ့ R&B ခွေတွေက အများကြီးထွက်လာတယ်ပေါ့နော်။ ညီမဘယ်အခွေတွေထဲမှာ ပါဝင်ပြီးသီဆိုထားတယ်ဆိုတာနဲ့ ဘယ်နှစ်ပုဒ်လောက်ဆိုထားပြီးပြီလဲ။
ထွက်ထားတဲ့အခွေက ကိုရဲလေးရဲ့တတိယကာရန်ရှိမယ်။ ပြီးတော့ပျော်စရာကြီးရှိမယ်။ ပြီးတော့ လက်လက်ကိုထလို့။ အဲဒီသုံးခွေကတော့ ထွက်ပြီးပြီပေါ့နော်။ ပြီးတော့လုပ်နေတဲ့ Group အခွေတွေကျတော့ Bo Bo Entertainment က စီစဉ်တဲ့ နောက် group အခွေပေါ့နော်။ အဲဒီမှာ ပါဖို့ရှိတယ်အကို။ ပြီးတော့ မယ်လိုဒီစီစဉ်တဲ့အခွေ နောက်တစ်ခုရှိသေးတယ်။ အဲဒါလည်း Group အခွေပဲ။ အဲမှာလည်း ထက်ထက်ဆိုဖို့တစ်ပုဒ်ပါမယ်ပေါ့နော်။ အဲဒါရှိမယ်။ ပြီးတော့ သင်္ကြန်နားနီးပြီဆိုတော့ သင်္ကြန်ခွေစီစဉ်နေတာတွေရှိတယ်။ ထွက်လာမယ့်အခွေတွေကတော့ အများကြီးပေါ့။

ညီမကအခု Show တွေလည်းဆိုလာပြီဆိုတော့ Show ဘယ်နှခုလောက်ဆိုပြီးပြီလဲ။နယ် Show တွေရောဆိုဖြစ်လား။
Showတွေကတော်တော်များများဆိုပြီးပါပြီ ရန်ကုန် Show ကတော့။ နယ် Show ကတော့သီချင်းစဆိုတုန်းကတော့ ငယ်သေးတာလည်းပါတယ်။ မလွှတ်ဘူးပေါ့နော် အိမ်က။ အစကအစ်ကိုရှိတုန်းကတော့ Show ဆိုရင်အစ်ကိုလိုက်တယ်။အခုကြတော့အမေလိုက်ရတော့ သူပင်ပန်းတာပေါ့။ ဒါပေမယ့် အခုကတော့…နယ် Show တွေက အခုပွင့်လင်းရာသီလည်းရောက်လာတော့ ပြောထားတာတွေတော့ရှိပါတယ်။ အခုကတော့ အဲ့ဒီလိုမျိုးပေါ့နော်။ ကိုယ့်အခွေအတွက်ကတော့ Promotion လုပ်တဲ့အနေနဲ့ရော။ ကိုယ့်သီချင်းလူသိဖို့အတွက်ရောက နယ် Show တွေပါ ဆိုဖို့အစီအစဉ်ရှိပါတယ်။

ဒါဆိုကိုယ်ပိုင်အခွေထွက်ဖို့ရော စီစဉ်ထားတယ်ပေါ့နော်။
ဟုတ်။ စီစဉ်ထားပါတယ်။

ဘယ်အချိန်လောက်ဖြစ်နိုင်မလဲ။

ဘယ်အချိန်လောက်ဖြစ်နိုင်မလဲဆိုတော့ အဲဒါထက်ထက်ပေါ်မှာ မူတည်တယ်။ ပြောထားတဲ့လူတွေက ပြောထားတယ်။ ပြီးတော့ထက်ထက်ကကျောင်းတစ်ဖက်နဲ့ သီချင်းနဲ့တွဲလုပ်နေရတဲ့အတွက်ရယ် ပြီးတော့ထက်ကကိုယ်တိုင်လည်းရေးတော့ အချိန်ပေးရတယ်။ ရေးတာက တကယ့်တကယ်အာရုံဝင်သွားရင် အဲ့လောက်မဟုတ်ဘူး။ ပြောရရင်လူကမျောနေတာ..မျောနေတာရယ်။ အဲ့လိုမျိုးစာရယ်နဲ့ဆိုတော့ အချိန်မပေးနိုင်တာပေါ့။ ပြောရလို့ရှိရင် အဲ့လိုမျိုးဘယ်တော့ထွက်မလဲဆိုတာကတော့ စိတ်နဲ့လည်းဆိုင်တယ်။ အချိန်နဲ့လည်းဆိုင်တယ်။ ဒါပေမယ့်ထွက်ချင်တာပေါ့။ အမြန်ဆုံးထွက်နိုင်အောင်ကြိုးစားပါ့မယ်။

3ဒါကဒီဘက်ကတစ်ပိုင်းပေါ့နော်။ အသက်ငယ်ငယ်နဲ့ ဂီတလောကထဲရောက်လာတယ်ဆိုတော့ အလုပ်တွေကလည်းရှုပ်လာတယ်။ အဲ့ဒီတော့ ဒီဘက်အသိုင်းအ၀ိုင်း ညီမရဲ့မိဘနဲ့ ဆွေမျိုးသားချင်းတွေကရောဘာပြောလဲ။ အားပေးကြလား။
ဘယ်လိုပြောလဲဆိုတော့ သူတို့ကဒီဂီတလောကထဲ စ၀င်ခါစတုန်းကတော့ သိပ်သဘောမကျချင်ဘူး။ သဘောမကျချင်ဘူးဆိုတာ  အဲ့လိုမျိုးငယ်တာလည်းပါတယ်။ သူတို့ကအစတည်းက စာနဲ့ပဲဘ၀ကို Professional ဖြစ်စေချင်တာ။ အခုနောက်ပိုင်းကျတော့ ကံတရားနဲ့ အခြေအနေကလည်းပေးလာတယ်။ အခွင့်အရေးတွေကလည်း ပေးလာတယ်။ ပြီးတော့အဲ့လိုမျိုးပေါ့နော်။ လုပ်တာလေးတွေကလည်း အရာထင်လာသလိုရှိတော့ သူတို့ကခုတော့လည်းလိုက်ပေးပါတယ်။ Show တွေ ဆိုစရာရှိတယ်။ အဲ့လိုမျိုး MTV ရိုက်စရာရှိတယ်ဆိုလို့ရှိရင်လည်း သူတို့ကလိုက်ပေးပါတယ်။ အားပေးတယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့်လုပ်ပေးပါတယ် လိုက်ပြီးတော့။

ခုဂီတဘက်မှာတော်တော်အောင်မြင်နေပြီ။ပညာရေးဘက်မှာရောဘာတွေတက်နေလဲ။
ပညာရေးကကျတော့ အခုထက်က Business Management ဆိုတဲ့ဘာသာကို specialized လုပ်ပြီးတော့ အခု 1st Year တက်နေပါတယ်။

နောက်ပြီးတော့ ညီမ MTV တွေ၊ Show တွေမှာဆိုရင် ညီမရဲ့အ၀တ်အစားဒီဇိုင်းလေးတွေက အရမ်းချစ်ဖို့ကောင်းတယ်နော်။ အဲ့ဒါကိုယ့်ဘာကိုယ်ပဲ ရွေးပြီးဝတ်တာလား။
ဟုတ်။ ကိုယ့်ဟာကိုယ်ပဲရွေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ထက်ကအဲ့ဒီလိုမျိုး ကိုယ့်ကိုထင်ပေါ်မယ့်ကိစ္စပေါ့နော်။ လူကြည့်ခံရမယ့်ကိစ္စမျိုးဆိုရင် ကိုယ့်ကိုကိုယ် confident ရှိမှလုပ်တယ်။ အဲ့တော့မှလည်း ကိုယ့်ကိုကိုယ်နေသားထိုင်သားရှိတယ်။ အဲ့ဒီတော့မကြိုက်တဲ့ အင်္ကျီဆိုအ၀တ်ဘူး။ ကိုယ့်ဟာကိုယ်ကြိုက်ပြီး ကိုယ့်ဘာသာစိတ်တိုင်းကျတော့မှ ၀တ်တာများတယ်။

ညီမကိုမြန်မာမှာ ပထမဆုံးမိန်းကလေး Twister လို့ပြောကြတယ်ပေါ့နော်။အဲ့ဒီအပေါ်ညီမရဲ့ ခံစားမှုကရော။
ဟုတ်။ ခံစားချက်အနေနဲ့က  ဘယ်လိုမျိုးလည်းဆိုတော့ ထက်ကသီချင်းစရေးတော့ ကိုယ့်ကိုကိုယ် Twister ဆိုပြီး ခံယူပြီးရေးတာတော့ မဟုတ်ဘူးပေါ့နော်။ နဂိုထဲကထက်ကြိုက်တဲ့ သီချင်းပုံစံကဘယ်လိုမျိုးလဲဆိုတော့ ပျော်ပျော်ရွှင်ရွှင် မြူးမြူးကြွကြွလေးတွေကိုကြိုက်တယ် ထက်က။ အဲ့ဒီတော့ဘယ်လိုပြောမလဲ သီချင်းလုပ်တယ်၊ သီချင်းရေးတယ်ဆိုတာ ကိုယ်ကြိုက်တဲ့ပုံစံတွေကတော့ အထွက်များမှာပဲ။ အထွက်များတော့ ထက်သီချင်းအများစုကလည်း မြန်တယ်ပေါ့။ ဒါပေမယ့် Hip Hop ကို ထက်စိတ်ဝင်စားတဲ့ အချက်ထဲမှာလည်း ဒီ Twist တွေပါတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် ကိုယ်ကဆိုနိုင်တယ်။ ကိုယ်ဆိုတာကို ပရိသတ်ကဒီလိုမျိုးအသိအမှတ်ပြု လက်ခံပေးတယ်ဆိုတော့ ၀မ်းသာပါတယ်။

ပြည်တွင်း၊ပြည်ပမှာ ညီမအားကျအတုယူရတဲ့ အဆိုတော်တွေရှိလား။
ဟုတ်။ရှိတယ်။

ပြောပြပေးပါလား။

ပြည်ပမှာဆိုရင် Kanye West ပြီးတော့ Jay Z။ အဲ့ဒီ Roc-A-Fella ဘက်က အဆိုတော်တွေကိုကြိုက်တယ်။ ပြီးတော့ ပြည်တွင်းမှာကတော့အများကြီးပဲ။ သူတို့ကြောင့်လည်း ကိုယ်ကဒီဂီတကို သိခဲ့ရတာဆိုတော့ သူတို့ကို Respect လဲပေးတယ်။ ပြီးတော့ သူတို့က တစ်မျိုးစီပဲ မတူဘူး။ ကာရန်အားသာတဲ့သူ၊ အဲ့လိုမျိုး Flow အရမ်းမိုက်တဲ့သူ၊ အဲ့လိုမျိုးပေါ့ တစ်ယောက်တစ်မျိုးစီပေါ့။

ဒီလူငယ်တော်တော်များများက Sample ခွေတွေအရင်ထုတ်ပြီးတော့ နောက်ပိုင်း ပရိသတ်ကြားမှာချပြပြီး ပေါက်သွားတာမျိုးတွေလေ။ ဒီလိုမျိုး Underground လောကကိုလည်း ညီမရဲ့အမြင်လေးပြောပြပေးပါဦး။
Underground လောကကို ဘယ်လိုမြင်လည်းဆိုတော့ ထက်ကိုယ်တိုင်လည်း Underground လောကကတက်လာတဲ့ MC တစ်ယောက်ပဲဆိုတော့ ဘယ်လိုမြင်လဲဆိုတော့ Master အခွေပဲဖြစ်ဖြစ်၊ Underground ပေါ့နော်။ sample ဝေတာပဲဖြစ်ဖြစ် ပေါက်မယ့်သီချင်း၊အရည်အချင်းမှီတဲ့သီချင်းက သူကဒါက Masterခွေ အခွေချပ်ရေဘယ်လောက်ရိုက်တယ်။ တစ်နိုင်ငံလုံးကိုဖြန့်တယ် အဲ့လိုမျိုးရယ်လို့မဟုတ်ဘူး။ မိုက်တဲ့သီချင်းဆိုလို့ရှိရင်လူတွေက နားထောင်တာပဲ။ ဒီသီချင်းမိုက်တယ် ဆိုလို့ရှိရင် အဲ့လိုမျိုး တဆင့်စကား တဆင့်ကြားပြီးတော့ နားထောင်ကြတာပဲ။ နားထောင်ပြီးတော့ပေါက်တယ်။ပေါက်သွားတဲ့အချိန်ကျတော့ ဒါကိုယ့်အရည်အချင်းလေးက အသိအမှတ်ပြုခံရတယ်ပေါ့နော်။ အဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် အခွေထွက်ဖို့ဆိုတာခက်ခဲတဲ့ အခြေအနေတစ်ခုမှာတော့ အသစ်တွေအတွက် ဒီ Underground လောကကလိုအပ်နေဦးမှာပဲ။ ရှိနေဦးမှာပါပဲ။

ဒါဆိုခုလက်တလော ညီမအနေနဲ့ အနုပညာနဲ့ပတ်သက်ပြီးတော့ရော ဘာတွေလုပ်နေလဲ။

အနုပညာလှုပ်ရှားမှုလတ်တလောကတော့ ခု Group အခွေအတွက်သီချင်းတွေပေးထားတာရှိတယ်။ သူတို့တွေထွက်တော့မယ်ပေါ့နော်။ အဲ့ဒါကသီတင်းကျွတ် မတိုင်ခင်ထွက်မယ်။ ပြီးတော့ ပျော်စရာကြီး VCD ထွက်မယ်။ ဟိုတလောကပဲ လက်လက်ကို
5ထလို့ကတော့ ထွက်ပြီးသွားပြီ။ ပြီးတော့ သင်္ကြန်ခွေထွက်မယ်။ ဒါပဲ။ဟုတ်။

နောက်ထပ်ရော ဘာအစီအစဉ်တွေရှိသေးလဲ။

ဘာအစီအစဉ်ရှိလဲဆိုတော့ Solo လုပ်နေတယ်ပေါ့။ ဘယ်လိုလဲဆိုတော့ အဲ့ဒီလိုမျိုး Producer တွေက အတွဲခွေတွေအတွက် တောင်းလိုက်လို့ရှိရင် အဲ့ဒီ solo ထဲကစုထားတဲ့ သီချင်းတွေထဲကပေးလိုက်ရတော့ ဖဲ့ပြီးပါပါသွားတာပေါ့။ အဲ့ဒါကြောင့် ကြာနေတာလည်းပါတယ်။ အဓိကကတော့ solo ကိုပဲ အဓိကအားထားပြီးတော့ သီချင်းစုနေတယ်။

Personal လေးနည်းနည်းမေးမယ်နော်။ ညီမမှာချစ်သူရော ရှိနေပြီလား။ အချစ်ရေးကရော ဘယ်လိုလဲ။
အချစ်ရေးကတော့ အေးဆေးပါပဲ။ တည်တည်ငြိမ်ငြိမ်၊သာသာယာယာပါပဲ။

အကိုတို့ Myanmar Youth Media Club လို နိုင်ငံတကာကပရိသတ်တွေနဲ့ ညီမတို့လို အနုပညာရှင်တွေကို ဆက်သွယ်ပေးနေတဲ့ Online Media ကိုညီမအနေနဲ့ဘယ်လိုမြင်လဲ။
ဘယ်လိုမြင်လဲဆိုတော့ မိုက်ပါတယ်။ မိုက်တယ်ဆိုတာက MYMC က သူ online ပေါ်မှာစပြီးတော့…. လေလှိုင်းပေါ်မှာလွှင့်နေတာပေါ့နော်။ ထက်တို့ကစပြီး သတိပြုမိတယ်။ဘာဖြစ်လို့လည်းဆိုတော့ သူကအဲ့လိုမျိုး site တွေထဲမှာ ထည့်ပေးထားတယ်။ ပြီးတော့ဒီ site ကိုဖွင့်လိုက်တာနဲ့ သူ့သီချင်းတွေကလာတယ်။ ပြီးတော့ဂီတအမျိုးအစားအစုံလည်း ပါတယ်ပေါ့နော်။ ပြီးတော့ Interview တွေကလည်း update ဖြစ်တယ်။ ပြီးတော့ ဒီအနုပညာရှင်တွေရဲ့အကြောင်းတွေ၊ သူတို့ဘာတွေလုပ်နေလည်း၊ သူတို့ဘာတွေစိတ်ဝင်စားတာလဲ အဲ့ဒီလိုမျိုးတွေလဲ သိချင်ကြတယ်။ သိခွင့်လည်းရှိတယ် ဒီ site ကိုကြည့်လိုက်လို့ရှိရင်။အဲ့ဒီ့တော့ ပြောရမယ်ဆိုရင် ခြုံပြောရမယ်ဆိုရင်တော့ ‘Perfect’ ။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ ညီမကိုချစ်တဲ့ပရိသတ်တွေက ညီမကိုဆက်သွယ်လို့ရမယ့် email ဒါမှအဟုတ် facebook account လေးရှိရင်ပြောပြပေးပါလား။
ဟုတ်။ ထက်ရဲ့ Gmail က b.soxer.tnt@gmail.com. facebook ကတော့ Bobby Soxer ဆိုတဲ့နာမည်နဲ့ပါပဲ။

နောက်ဆုံးအနေနဲ့ ညီမချစ်တဲ့ပရိသတ်ကြီးကို ညီမကိုချစ်တဲ့ပရိသတ်ကြီးကိုစကားလက်ဆောင်လေးပြောခဲ့ပါဦး။
စကားလက်ဆောင်ပေးရမယ်ဆိုရင် အခုထက်တို့ထွက်ထားတဲ့အခွေတွေမှာ ထက်သီချင်းတွေကို နားထောင်ပြီးတော့ဝေဖန်ပေးပါပေါ့နော်။ ထက်ကိုချစ်တဲ့ပရိသတ်တွေရော ထက်ကိုမသိသေးတဲ့ လူတွေရော အဲ့လိုမျိုး တစ်ချက်လောက် သီချင်းလေးကိုနားထောင်ပြီး ဝေဖန်ပေးကြပါ။ အကဲဖြတ်ပြီးတော့ အကြံပေးပါလို့။ ပြီးတော့အားလုံးကို အရမ်းချစ်ပြီး အရမ်းကျေးဇူးတင်ပါတယ်လို့။ ဟုတ်။

အကို့မေးခွန်းတွေကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတဲ့ ထက်ထက်ကို MYMC အားလုံးရဲ့ ကိုယ်စား အကိုက ကျေးဇူးအထူးတင်ပါတယ်နော်။

ဟုတ်။ ထက်ကလည်း ဒီ MYMC Online Radio ကို အများကြီးကျေးဇူးတင်ပါတယ်။

နောက်ထပ်လည်းအောင်မြင်မှုတွေအများကြီးရပါစေလို့ အကိုတို့ MYMC ကဆုတောင်းပေးပါတယ်ဗျာ။
Thank You ပါ။

No comments:

Post a Comment