Popular Posts

Friday, May 27, 2011

နိုင်းနိုင်းစနေ Interview

99sanay

1MYMC ပရိသတ်များအားလုံး မင်္ဂလာပါရှင်။ သာမန် တောင်ကြီး သူလေး မီးမီးကနေ နိုင်းနိုင်းစနေရယ်လို့ စာဖတ်သူတွေကြားမှာ အောင်မြင်ကျော် ကြားနေတဲ့ မနိုင်းကိုတော့ အားလုံးရင်းနှီးပြီး သားဖြစ်မယ်လို့ ထင်ပါတယ် နော်။ blogger အသိုင်းအ၀ိုင်းမှာသာ အောင်မြင်ကျော် ကြားတာမဟုတ်ဘဲ မျက်ရည်ခတ်တဲ့ကော်ဖီ ဆိုတဲ့ရုပ်ရှင် ဇာတ်ကား ဖြစ်ပေါ်လာဖို့အတွက် ၀တ္ထု အဖြစ်စတင်ပြီး အသက်သွင်းပေးခဲ့တဲ့ မနိုင်းနဲ့ MYMC က interview လေး တစ်ခု ပြုလုပ်ဖြစ်ခဲ့ပါတယ်ရှင်။

မနိုင်းနိုင်းစနေ မင်္ဂလာပါရှင်။ ညီမကတော့ ^AnGeL^ ပါ။ စစချင်း အမ အကြောင်းကို မသိသေးတဲ့ မနိုင်းရဲ့ စာဖတ်ပရိသတ်တွေအတွက် မနိုင်းရဲ့ အကြောင်းလေးကို နည်းနည်းလောက် မိတ်ဆက်ပေးလို့ရမလားရှင်။

မင်္ဂလာပါ ညီမ ^AnGeL^.. အကြောင်းက ထွေထွေထူးထူး မရှိပါဘူး။ တောင်ကြီးဇာတိပေါ့နော်။ လားဟူလူမျိုး၊ ဗုဒ္ဓဘာသာပေါ့။

ဟုတ်ကဲ့။ မနိုင်းက ဒီကဗျာတွေ၊ စာတွေကို ဘယ်အချိန်လောက်စပြီး ရေးဖြစ်ခဲ့တာပါလဲရှင်။
၂၀၀၄ မှာ စရေးဖြစ်တယ်။

ဟုတ်။ မနိုင်းရဲ့ blog လေးကိုကော ဘယ်အချိန်ကစပြီး ရေးဖြစ်သွားတာလဲ။ ဘယ်လိုစပြီးတော့ blog တစ်ခု စလုပ်ဖြစ်သွားတာလဲပေါ့။ ဘယ်လိုအကြံဥာဏ်လေးတွေ၊ ဘယ်လို idea လေးတွေနဲ့။
blog မှာ ၂၀၀၆ မှာ စရေးဖြစ်တာပေါ့။ အဲဒီတုန်းက ဗမာ blog တွေ ပေါ်တဲ့အချိန်၊ နောက်အရင်ကျတော့ internet စာကြည့်တိုက်မှာတွေ၊ forum မှာတွေရေးတယ်လေ။ အဲကစာတွေကို တစ်စုတည်းဖြစ်အောင်ဆိုပြီး အမ blog စလုပ်ဖြစ်တာပေါ့။

blog စစလုပ်ချင်းတော့ စစချင်းဆိုတော့ အခက်အခဲကတော့ ရှိမှာပဲလေ။ အဲဒီတော့ မနိုင်းကြုံရတဲ့ အခက်အခဲလေးတွေ၊ အတွေ့အကြုံ လေးတွေကို နည်းနည်းလောက် မျှဝေပေးပါဦးရှင်။
အင်း။ အခက်အခဲကတော့ ရှိတယ်။ အဲ့တုန်းက zaw gyi font ပေါ်စလား၊ ဘာလားလည်း မသိဘူးပေါ့နော်။ အဲဒါနဲ့ blog ပေါ်မှာ ဗမာ font တွေ ပေါ်အောင်ဆိုပြီးမှာ ထည့်ရတာတို့၊ နောက်ကိုယ်ကလည်း ဗမာလက်ကွက် စရိုက်စဆိုတော့ ဗမာလက်ကွက် မှန်မှန်ရိုက်တတ်အောင်။ နောက် template တွေက အစပေါ့။ နောက်ပြီး blog စပေါ်စက အခုလောက် function မစုံဘူးလေ။ အဲ့ကျတော့ ကိုယ်ကြိုက်တဲ့ဟာလေးတွေ ထည့်ထည့်သွားတာပေါ့။ အဲလိုမျိုးပေါ့။ template တွေကလည်း နည်းသေးတယ်။ အဲဒါနဲ့ ကိုယ်ကြိုက်တာလေးတွေ လုပ်တတ်သလိုလုပ်။ သူငယ်ချင်းတစ်ချို့လည်း ကူညီပါတယ်။

2မနိုင်းက အခု blogger တယောက်အနေနဲ့ပေါ့ မနိုင်းရဲ့အတွေ့အကြုံ၊ ခံစား ချက်လေးတွေလည်း ပြောပြပေးပါဦး။
အင်း.. အတွေ့အကြုံလား။ ကောင်းတာလည်းရှိသလို မကောင်းတာလည်း ရှိတယ်ပေါ့။ တစ်ချို့ကလည်း တွဲခေါ်တယ်။ တစ်ချို့ကလည်း တွန်းတယ်ပေါ့။ ဘာညာ အဲလိုပေါ့။ အမှတ်တရ အတွေ့အကြုံတွေပါပဲ။ blog လုပ်တဲ့ အတွေ့ အကြုံတွေက။

နောက်ပြီးတော့ မနိုင်းရဲ့ blog မှာ post တော်တော်များများက ဘာသာပြန် လေးတွေ ရေးတာများတယ်ပေါ့နော်။ အဲဒီတော့ ဘယ်အချိန်လောက်ကစပြီး ဘာသာပြန်တွေကို စရေးဖြစ်ခဲ့တာလဲရှင့်။
ဘာသာပြန်ကို စာစရေးကတည်းက ရေးဖြစ်တယ်။ စာတွေရေးဖြစ်တာလည်း ဘာသာပြန်ဖို့ အတွက်ပဲပေါ့။ ကိုယ်ဖတ်မိလိုက်လို့ ကြိုက်တဲ့ဟာတွေကို တခြား မဖတ်တတ်တဲ့သူတွေ၊ ဘာသာစကား အားနည်းတဲ့သူတွေလည်း ဖတ်ရအောင်ဆိုပြီး အမဘာသာပြန်တွေ ပိုရေးဖြစ်တာပေါ့။ ကိုယ်တိုင်ရေးက သိပ်မရေးတတ်တော့ သိပ်မရေးဖြစ်ဘူး။ (ရယ်လျှက်)

ဟုတ်ကဲ့။ အဲလိုမျိုးဘာသာပြန်တွေ ရေးတဲ့အခါကျတော့ ဘယ်လိုမျိုး post တွေ ကို အဓိကထားပြီးတော့ ဘာသာပြန်လေ့ရှိပါသလဲရှင်။ ဒီ post တစ်ခုကို ဘာသာပြန်တော့မယ်ဆို ဘယ်လိုမျိုး character ကို ကြည့်ပြီးတော့ ဘာသာပြန်ဖြစ်လဲပေါ့။ ရွေးဖြစ်လဲ။
အဓိကကတော့ စိတ်ခွန်အားဖြစ်တဲ့ စာလေးတွေရယ်၊ ဗဟုသုတလေးတွေရယ် အဲ့လိုမျိုးပေါ့။ အဲ့လိုမျိုးဖတ်ရတာကို ပိုကြိုက်တော့ အဲ့လိုမျိုး တွေ ပိုရေးဖြစ်တယ်။

နောက်ပြီးတော့ မနိုင်းရေးတဲ့ post အမျိုးအစားတွေက အမျိုးအစားစုံတယ်လေ။ တစ်ချို့ post တွေဆိုရင် ဟာသလည်းရှိတယ်။ မနိုင်း ကြုံရတဲ့ အဖြစ်လေးတွေလည်းရှိတယ်။ တစ်ချို့ဆို ဖတ်ရင်းနဲ့ဝမ်းနည်းလာရတဲ့အထိတောင် ခံစားချက်ပေးတဲ့ ဟာမျိုးတွေလည်းရှိပါတယ်။ အဲလို post တွေကျတော့ ဒီလိုမျိုး ရသပေါ်အောင်ရေးနိုင်ဖို့အတွက်ကို မနိုင်းဘယ်လို ခံစားချက်မျိုးတွေ၊ ဘယ်လိုတွန်းအားမျိုးတွေနဲ့ ဘယ်လိုစိတ်ထည့်ပြီးတော့ ရေးပါသလဲရှင်။
အင်း.. ဘယ်လိုပြောမလဲ။ မူရင်းကိုက ၀မ်းနည်းဖို့ကောင်းတယ်။ တစ်ချို့စာတွေကလေ။ ရေးနေရင်း၊ ဘာသာပြန်နေရင်းနဲ့တောင်မှ ကိုယ့်ကိုကိုယ် ၀မ်းနည်းသွားတဲ့အခါလည်း ရှိတယ်ပေါ့။ တစ်ချို့ post ဆို ရေးရင်းရေးရင်းနဲ့ မျက်ရည်ကျတဲ့အထိ အဲလိုမျိုးလည်းရှိတယ်ပေါ့။ စိတ်ခံစားချက်တူလို့ ထင်တာပဲလေ။

မနိုင်းရေးတာ ထိတယ်ပေါ့နော်။ မျက်ရည်ကျလောက်တဲ့အထိ ရေးနိုင်တယ်ပေါ့နော်။ မနိုင်းဘာသာပြန်တာလည်း အရမ်းကောင်းလို့ပါ။
မူရင်းကိုက ကောင်းလို့ပါ။
3မနိုင်းရေးတဲ့ post တွေထဲမှာ ခရီးသွားမှတ်တမ်းလေးတွေလည်း တွေ့ရပါတယ်။ မနိုင်းက ခရီးသွားတာကို ၀ါသနာပါတယ်ထင်တယ်နော်။ ဘယ်ဒေသတွေကို ရောက်ဖူးခဲ့ပြီးပြီလဲ။ မှတ်မှတ်ရရ အတွေ့အကြုံလေးတွေရှိရင်လည်း ပြောပြပေးပါဦး။
ခြေထောက်မှာ မွေးရာပါအမှတ်ကြီး ပါလို့လားမသိပါဘူး။ သွားရတယ်။ ခရီးကတော့ ခဏ ခဏ။ (ရယ်လျှက်) မတွေ့ဘူး၊ မမြင်ဘူးတာတွေ တွေ့ရ၊ စားရတာပေါ့။ မြင်ရတာပေါ့။ အဲ့လိုမျိုး ခရီးသွားတော့။ ဗမာပြည်မှာ သွားဖူးတဲ့နေရာတော့ တော်တော်များပြီ။ ဒါပေမယ့် အနှံ့သွားချင်သေးတယ်။ အနှံ့က ဟိုအပေါ်ပိုင်းတွေ၊ နောက်အောက်ဆုံးပိုင်းတွေ အဲ့လိုမျိုး တွေတော့သိပ်မရောက်ဖူးသေးဘူးပေါ့။ အမှတ်တရတွေကတော့အများကြီးပဲ။ သူငယ်ချင်း အသစ်ရတယ်။ ရောက်တဲ့နေရာမှာ သူငယ်ချင်းတွေရတာပေါ့။ နောက်ခရီးသွားဖော် အချင်းချင်း ကူညီတာတွေဘာတွေ ပိုသိသာတယ်လေ။ လူတစ်ယောက်ရဲ့စိတ်က ခရီး အတူသွားဖူးမှပဲ ပိုသိတာကိုး။ အဲ့လိုမျိုးတွေ တွေ့ရတာပေါ့။
ဟုတ်ကဲ့။ အခု မနိုင်းအခုရေးနေကျ မနိုင်းဟင်းချက်တဲ့ အကြောင်းလေးတွေ၊ ဟာသလေး တွေ မနိုင်းရေးတယ်ပေါ့နော်။ အဲ့လိုမျိုးပုံစံလေးတွေ၊ ခရီးသွားမှတ်တမ်းလေးတွေ၊ ကိုယ်ကြုံတဲ့ အဖြစ်အပျက်လေးတွေ။ အဲ့လို style ထဲက ခွဲထွက်ပြီးတော့ ထူးထူးခြားခြား ပုံစံလေးပေါ့။ biography တို့လို ပုံစံတွေရော ရေးဖို့ရော မနိုင်း အစီအစဉ်ရှိလားရှင့်။
လောလောဆယ်တော့ မရှိပါဘူး။ အခုလိုပဲ ရေးတတ်တယ်။ တစ်ကယ်လို့ style ခွဲသွားရင် နိုင်းနိုင်းစနေ နောက်တစ်ယောက် ပြန်ဖြစ်သွားလိမ့်မယ်။ (ရယ်လျှက်)

မနိုင်းက စာအုပ်လေးတွေလည်း ထုတ်ထားတယ်လေ။ အဲ့ဒီတော့ စာအုပ်ထုတ်ဖို့ကို ဘယ်လိုကနေ စပြီးစီစဉ်ဖြစ်သွားတာလဲ။ ဘယ်အချိန်မှာ စာအုပ်စထုတ်ခဲ့တာလဲ။
စာအုပ်ကို ၂၀၁၀ မှာ စထုတ်ဖြစ်တယ်။ အဲဒီမတိုင်ခင်ကတော့ သူငယ်ချင်းတွေနဲ့။ မိုးလှိုင်ညတို့နဲ့ ထုတ်မယ်လို့တော့ အစီအစဉ် လုပ်ထားဖူးတယ်။ ဒါပေမယ့် အခက်အခဲအမျိုးမျိုးနဲ့ပေါ့ မထုတ်ဖြစ်ဘူး။ နောက်တော့ သူငယ်ချင်းတစ်ယောက်၊ blogger ရန်အောင်ပေါ့။ အဲဒီရန်အောင်က ထုတ်ဝေတဲ့သူနဲ့ မိတ်ဆက်ပေးတယ်။ နောက် ထုတ်ဝေတဲ့သူကလည်း blog ထဲ ၀င်ဝင်ဖတ်တယ်လို့တော့ ပြောတယ်လေ။ အဲဒါနဲ့ စာတွေကြိုက်လို့ဆိုပြီးမှ ထုတ်ဖြစ်သွားတယ်။ အဲ့လိုမျိုး။ စာအုပ်ထုတ်ပေးတဲ့ ထုတ်ဝေသူကိုလည်း ကျေးဇူးတင်တယ်လို့။

အခုပေါ့ စာအုပ်ဘယ်နှစ်အုပ်လောက် ထုတ်ပြီးသွားပြီလဲ။ မနိုင်းထွက်ခဲ့တဲ့ စာအုပ်တွေထဲမှာ ဘယ်စာအုပ်ကို အားအရဆုံးဖြစ်လဲ။
အင်း.... ၈ အုပ်။ ၈ အုပ် ရှိသွားပြီ။ ဒီလကုန်ရင် နောက်တစ်အုပ် ပြန်ထွက်မယ်လို့တော့ ပြောတာပဲ။ ရေးထားတဲ့ဟာတွေက ကြိုက်လို့ ဘာသာပြန်တဲ့ဟာတွေဆိုတော့ အကုန်လုံးအားရပါတယ်။ ကိုယ့်ကိုကိုယ်တော့ အားရတာပေါ့လေ။ သူများတွေကြိုက်မကြိုက်တော့ မသိဘူး။ (ရယ်လျှက်)

အဲ့ဒီထဲမှာလေ မနိုင်းရေးတဲ့ထဲမှာ အမေစာစုလေးတွေပေါ့။ ပရိသတ်တွေဆီကနေ မနိုင်းကိုပို့တဲ့ စာစုလေးတွေပေါ့။ အဲဒီစာအုပ်လေးက တော်တော်ဖတ်လို့ကောင်းတယ်။
တခြားသူတွေရဲ့ စာစုလေးတွေလည်း ပါတယ်လေ။ အဲဒီတော့ တခြားသူတွေကို ရေးဖို့ကိုရော ဘယ်လိုမျိုး idea ရပြီး ပြောဖြစ်သွားတာလဲ။
တစ်ချို့ကျတော့ စိတ်ထဲရှိတာကို မထုတ်ပြောတတ်တဲ့ သူတွေများတယ်လေ။ အဲ့လိုမျိုးတွေရှိတော့ သူတို့အမေ၊ မိဘတွေကို ပြောချင်တဲ့ လူလေးတွေလည်း ပြောလို့ရအောင်ဆိုပြီးမှ သူတို့ရင်ကို ဖွင့်ပေးလိုက်တာပေါ့။ အဲ့လိုမျိုးလား.. ဘယ်လိုပြောရမလဲ။ အင်း.. အဲ့လိုမျိုးပေါ့။ သူတို့ကို အဲ့လိုရေးခိုင်းဖြစ်သွားတာပေါ့။ တစ်ချို့ကျတော့ စိတ်ထဲခံစားနေရတာ မပြောပြတတ်ဘူးလေ။ တစ်ချို့ကျတော့ ရှက်တာဘာညာ လည်းပါတယ်။ အဲ့လိုမျိုးတွေလည်း ရှိမှာပေါ့နော်။ ကိုယ့်အမေကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ အဲ့လိုမျိုးပြောရမှာ တစ်ချို့တွေလည်း မရဲဘူး။ အဲ့ဒါမျိုးတွေလည်း ရှိမှာပေါ့။

4မနိုင်းရဲ့စာအုပ်တွေအပေါ်မှာ ပရိသတ်ရဲ့အားပေးမှု အတိုင်းအတာကိုရော ကျေနပ် အားရမှုရှိပါရဲ့လား။
အဲ့ဒါတော့ မသိဘူး။ ထုတ်ဝေတဲ့သူကို မေးမှရမှာ။ မေးတော့ မမေးဖူးဘူး။ သူကတော့ မဆိုးဘူး၊ မဆိုးဘူးလို့တော့ ပြောတာပဲ။ (ရယ်လျှက်)

တခြား blogger တွေ၊ စာရေးဆရာတွေနဲ့ ပေါင်းပြီးတော့ရော စာအုပ်တွေထွက်ဖို့ ရှိပါသ လားရှင်။
လောလောဆယ်တော့ မရှိဘူး။ ဒါပေမယ့် သူတို့က လာပေါင်းမယ်ဆိုရင်တော့ ပေါင်းဖို့ အစီအစဉ်ရှိတယ်ပေါ့။ ဒါကောင်းတဲ့အစီအစဉ် တစ်ခုပဲလေ။

ဟုတ်ကဲ့။ မနိုင်းအနေနဲ့ အခုလက်ရှိမှာ ၀တ္ထုတိုလေးတွေ၊ စာစုလေးတွေ၊ ဘာသာပြန် တွေ ရေးတာများတော့ လုံးချင်းဝတ္ထုတို့ဘာတို့ ရေးဖြစ်ဖို့ရော အစီအစဉ်ရှိပါသေးလား။
အင်း။ Interview တိုင်း အဲဒါအမေးခံရတယ်။ ရေးဖို့အစီအစဉ် ရှိတယ်လို့လည်း ဖြေ ဖြေခဲ့တယ်။ ဒါပေမယ့် ရေးလက်စ တစ်ပိုင်းတစ်စနဲ့ပဲ ရှိနေတယ်။ ရှိနေတုန်းပဲလေ။ ဆက်ရေးရဦးမယ်။ တစ်ပိုင်းတစ်စနဲ့ ကြာတော့ကြာနေပြီ။

အခုမနိုင်းကကိုယ့်မွေးရပ်နဲ့ဝေးရာ ပြည်ပမှာရောက်နေတာဆိုတော့ မနိုင်းတွေ့ကြုံရတဲ့ အဖြစ်အပျက်တွေကတော့ တူမှာမဟုတ်ဘူးလေ။ တခြားနိုင်ငံမှာဆိုတော့။ အဲ့ဒီ အဖြစ် အပျက်လေးတွေ၊ အတွေ့အကြုံလေးတွေနဲ့ ပက်သက်ပြီးတော့ ပညာပေးလေးတွေ၊ စာစုလေးတွေရေးဖို့ရော မနိုင်းစဉ်းစားထားပါလား။
ပြည်ပမှာ ကြုံခဲ့ရတာတွေက အရင်ကတော့ရေးဖူးတယ်။ blog ပေါ်မှာ ရေးဖူးတာပေါ့။ ဒီလိုမျိုး ထူးထူးခြားခြား ကြုံတာတွေရှိရင်တော့ ရေးဖြစ်မှာပါ။ ပညာပေးလို့လည်း မဟုတ်ဘူးပေါ့။ ကိုယ်တွေ့ခဲ့၊ ကြုံခဲ့တာကို နောင်တစ်ချိန်မှာ ကိုယ်ပြန်ဖတ်ပြီး အမှတ်တရဖြစ်ဖို့။ အဲ့လိုမျိုး ပါပဲ။

ဟုတ်ကဲ့။ အခုမွေးရပ်နဲ့အဝေးမှာ ရောက်နေတာဆိုတော့ မနိုင်းရဲ့ဇာတိမြေကို သတိရမိတာတွေ၊ ဇာတိမြေက မမေ့နိုင်တဲ့ အဖြစ်အပျက်လေး တွေရှိရင်လည်း မျှဝေပေးပါဦး။
ရှိတာတော့ ရှိတာပေါ့။ ကိုယ့်ဇာတိဆိုတော့ တခြားနေရာထက် ပိုပြီးတော့မှ သတိရတာတော့ ခဏခဏပဲပေါ့။ မမေ့နိုင်ဘူးဆိုတာလည်း စိတ်ကြည်နူးတာတွေက ပိုများတာကိုး။ မောင်နှမတွေနဲ့ အတူနေရတယ်။ မိသားစုနဲ့ အတူနေရတယ်။ သူငယ်ချင်းတွေနဲ့ အဲ့လိုမျိုးပေါ့။ အဝေး မှာကျတော့ တစ်ယောက်တည်း။ အရင်ကတစ်ယောက်၊ အခုတော့ နှစ်ယောက်ပေါ့နော်။ (ရယ်လျှက်) ဒါပေမယ့် မတူဘူးလေ။ ကိုယ့်ဇာတိနဲ့ တခြားနိုင်ငံနဲ့ဆိုတော့ သိပ်မတူဘူးပေါ့။

နောက်ပြီးတော့ မနိုင်းက ကိုယ်ပိုင်စာစုတွေအပြင် ဘာသာပြန်တွေလည်း ရေးနေတာဆိုတော့ မနိုင်းအားကျအတုယူပြီးတော့ အမြဲတမ်း ဖတ်ဖြစ်တဲ့ ပြည်တွင်းပြည်ပက စာရေးဆရာတွေ၊ blogger တွေရှိရင်လည်း ပြောပေးပါဦး။
ရှိပါတယ်။ အားကျတာတွေကတော့ အများကြီးပဲ။ တစ်ချို့ blogger တွေဆို အရေးအသားတွေ အရမ်းကောင်းတယ်လေ။ အများကြီးပဲ။ နာမည်တွေတော့ မပြောတော့ပါဘူးနော်။ ပြည်ပကျတော့ တရုတ်စာတွေ ပိုဖတ်ဖြစ်တယ်။ ပြည်တွင်းကျတော့ မစန္ဒာတို့၊ ခင်ခင်ထူးတို့လိုပေါ့။ နောက် မင်းလူတို့လိုမျိုး။ ကြိုက်တယ်။ တော်တော်များများ ကြိုက်ပါတယ်။
5မနိုင်းဖတ်ခဲ့သမျှ စာအုပ်တွေထဲမှာ အကြိုက်ဆုံးစာအုပ်လေးတွေ ရှိရင်လည်း စာဖတ်ပရိသတ် တွေအတွက်ကို ပြောပြပေးပါဦးရှင့်။
အကြိုက်ဆုံးက များပါတယ်။ အတိုတွေ ပိုဖတ်ဖြစ်တယ်လေ။ အတိုတွေ ပိုဖတ်ဖြစ်တော့ အတိုလေးတွေစုထားတဲ့ ခံစားသူအကြိုက်တို့၊ ဖန်တီးသူအကြိုက်တို့၊ ထုတ်ဝေသူအကြိုက်တို့ အဲ့လိုမျိုးတွေ ပိုဖတ်ဖြစ်တယ်။ အဲ့လိုလေးတွေပဲ။ အတိုလေးတွေ စုထုတ်ထားတဲ့ စာအုပ်ဆိုရင် ၀ယ်ဖတ်ဖြစ်တယ်ပေါ့။

မနိုင်းရဲ့ blog က တော်တော်လေးကိုအောင်မြင်ပါတယ်။ ဆုတွေလည်းရတယ်လို့သိရပါတယ်။ ဘာဆုတွေရခဲ့တယ်ဆိုတာ ပြောပြပေးပါဦးနော်။
ဪ.. အဲဒါက ကိုယ့်ကိုကိုယ် ပြန် vote တဲ့ဆုလား မသိပါဘူး။ (ရယ်လျှက်) blog အကယ်ဒမီဆုလို့ ပြောတယ်။ အဲ့တုန်းက မဲထည့်ပေးတဲ့သူတွေလည်း ကျေးဇူးတင်တယ်။
မနိုင်းက တကယ့်ကိုအောင်မြင်တဲ့ blogger တစ်ယောက် ဖြစ်နေပြီပေါ့နော်။ အဲ့လိုအောင်မြင် တဲ့ blogger တစ်ယောက်ဖြစ်ဖို့အတွက်ကို ဘယ်လိုမျိုး အရည်အချင်းတွေ လိုအပ်တယ်လို့ မနိုင်း ခံစားမိပါသလဲရှင်။
blog ပေါ် အချိန်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဘာတွေလိုအပ်တုန်းဆို ဘယ်လိုပြောရမလဲ။ (ရယ်လျှက်) လူတွေအမြဲ လာလာဖတ်ချင် အောင် တင်ပြတဲ့စာတွေ၊ အကြောင်းအရာတွေက ဆွဲဆောင်မှုရှိရင် ရပါတယ်။ နောက်အချိန်ပေးနိုင်ရင်တော့ ရတာပေါ့။ တစ်ချို့က ရေးလိုက်၊ ရပ်ထားလိုက်။ ရေးလိုက်၊ ရပ်ထားလိုက်။ အဲ့လိုမျိုးဆိုကျ မပြောတတ်ပါဘူး။

မနိုင်းကနေ တတ်သစ်စ blogger တွေ၊ blog ရေးဖို့ စိတ်ကူးနေတဲ့ ၀ါသနာရှင်တွေကိုရော၊ စာရေးတာ ၀ါသနာပါတဲ့သူတွေကိုရော မနိုင်းရဲ့ အကြံပေးစကားလေး။
ရေးမယ်လို့ စိတ်ကူးနေတဲ့သူတွေ ရေးပါ၊ ရေးပါလို့တော့ တိုက်တွန်းချင်တာပေါ့။ blog လုပ်ဖို့ တစ်ချို့က မသိလို့မလုပ်တာတို့။ အဲ့လိုမျိုး IT ပိုင်းမှာ အားနည်းတာတွေရှိရင် မေးပေါ့။ တတ်သိတဲ့သူကို မေးပေါ့။ စာရေးတာ ကောင်းတယ်လေ။ ဘယ်သူဖတ်ဖတ် မဖတ်ဖတ်။ တစ်ချိန် ချိန်မှာ ကိုယ်ရေးထားတာ ကိုယ်ပြန်ဖတ်ရရင်လည်း ပျော်စရာကြီးပေါ့။ အဲ့လိုမျိုးပေါ့။
7အခုခေတ် လူငယ်တော်တော်များများက စာဖတ်တာ အားနည်းလာပြီးတော့ တခြား media တွေအပေါ် အားနည်းနည်းသာလာတယ်လို့ ထင်ပါတယ်နော်။ စာဖတ်တာ ထက်စာရင် online မှာ သီချင်းနားထောင်လိုက်၊ ရုပ်ရှင်ကြည့်လိုက်ပေါ့နော်။ အဲ့ဒီ အပေါ် မနိုင်းရဲ့အမြင်လေးပေါ့။
စာဖတ်ကြိုက်တဲ့သူကတော့ ဘယ်နားရောက်ရောက် စာတွေဖတ်နေမှာပဲ။ ထင်တာ တော့လေနော်။ media ပေါ်ရောက်လည်း သူကဖတ်စရာရှိတာ၊ ကိုယ်ကြိုက်တဲ့ စာတွေကို လိုက်ရှာဖတ်နေမှာပဲလေ။ မကြိုက်တဲ့သူကတော့ ဘယ်နားရောက်ရောက် ဖတ်မှာမဟုတ်ဘူး။ ဒါပေမယ့် အချိန်ကုန်ခံပြီးတော့ အကျိုးရှိတာလေးတွေ လုပ်ရင် တော့ ပိုကောင်းတာပေါ့။
မနိုင်းကိုချစ်တဲ့ ပရိသတ်တွေအတွက် အမနဲ့ဆက်သွယ်လို့ရမယ့် email လိပ်စာလေး လည်း blog မှာတော့ တင်ထားတယ်ပေါ့နော်။ ဒီကနေလည်း ပြောပြပေးပါဦး။
nineninesanay@gmail.com

ညီမတို့ Myanmar Youth Media Club လိုမျိုး online media တွေအပေါ် မနိုင်းရဲ့ အမြင်နဲ့ အကြံပေးချက်လေးလည်း သိပါရစေရှင်။
ကောင်းတယ်။ ကိုယ်သိ၊ တတ်တာလေးနဲ့ ကိုယ်စွမ်းဆောင်နိုင်တာလေးနဲ့ပေါ့ လူတွေကို အသိပညာတွေ၊ ဗဟုသုတတွေ ဖြန့်ဝေပေးနေတာ၊ ဖြေဖျော်ပေးနေတာလေ။ ကောင်းတာပေါ့။ အရင်တုန်းက interview တာကတော့ စာနဲ့ပဲဖော်ပြတာပေါ့။ အခုတော့ online media နဲ့ အသံပါ ဖော်ပြတော့ ပိုကောင်းတာပေါ့။ ကောင်းတယ်။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ အဲဒီတော့ နောက်ဆုံးအနေနဲ့ မနိုင်းကိုချစ်တဲ့ စာဖတ်ပရိသတ်တွေ၊ မနိုင်းကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် မနိုင်းရဲ့ စကားလက်ဆောင်လေး ပြောခဲ့ပေးပါဦး။
အင်း.. စကားလက်ဆောင်။ blog မှာ စာလာလာ ဖတ်တဲ့သူတွေကို ကျေးဇူးတင်တယ်လို့။ နောက် မသိတာတွေ၊ မှားတာတွေရှိရင်လည်း ထောက်ပြပါ။ သင်ပေးပါလို့နော်။ နောက် ညီမတို့ media ကိုလည်း ကျေးဇူးတင်တယ်။ အခုလို online radio မှာ နေရာတစ်ခု ပေးတဲ့အတွက် ပေါ့နော်။ အသံနဲ့ ထိတွေ့ခွင့်ပေးတာပေါ့။ ကျေးဇူးတင်တယ်လို့နော်။

ဟုတ်ကဲ့။ အခုလိုမျိုး အလုပ်တွေနဲ့ မအားတဲ့ကြားက ညီမမေးသမျှကို ဖြေပေးတဲ့အတွက် မနိုင်းနိုင်းကို MYMC family တစ်ခုလုံးကိုယ်စား ညီမက ကျေးဇူးတင်ပါတယ် မနိုင်း။
ကျေးဇူးတင်ပါတယ်လို့။





MYMC Interview Team
Interviewer/Audio/Management | ^AnGeL^
Write Up/Questions | ^AnGeL^, Guitar^O, Lucifer, Sandi

No comments:

Post a Comment