Popular Posts

Friday, May 27, 2011

ဖွေးဖွေး Interview

phway phway
ပထမဆုံးအနေနဲ့ ဒီ Interview ကို radio မှာ လွှင့်တဲ့အချိန်နဲ့ တော်တော်ကြာပြီးမှာ တင်လိုက်ရတဲ့အတွက် တောင်းပန်ပါရစေ။ Video Interview ဖြစ်တာကြောင့် ရန်ကုန်ကနေ ဒီ file ကို ပို့ဖို့ခက်ခဲတာကတကြောင်း၊ Video မှာ ရုပ်နဲ့အသံနဲ့ ပြန်ထပ်ပြီး edit လုပ်ရတာကတကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာသွားရပါတယ်။ နားလည်ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ နောက်နောင် Interview များကိုလည်း Video နဲ့ တင်ဆက်ပေးသွားဦးမှာပါ။ စောင့်မျှော်အားပေးကြပါဦးနော်။
^AnGeL^


1မဖွေးဖွေး မင်္ဂလာပါနော်။ ညီမကတော့ Myanmar Youth Media Club က interviewer Grace ပါ။ အခုလို အမနဲ့ interview ခွင့်ရတာ ၀မ်းသာပါတယ်။ အမရဲ့နိုင်ငံတကာက ပရိသတ်တွေကို မိတ်ဆက် ပေးပါဦးနော်။
မြန်မာနိုင်ငံမှာ မရှိပေမယ့် overseas ကနေပြီးတော့ အချိန်ပေးပြီး အားပေးတဲ့ ပရိတ်သတ်ကြီး မင်္ဂလာပါ။

ဟုတ်ကဲ့... ဒါဆို interview လေး စလိုက်မယ်နော်။ အမရဲ့ နာမည်အရင်းက ဖွေးဖွေးပဲလားရှင့်။ မွေး နေ့လေးကိုလည်း ပြောပြပေးပါဦးရှင်။
ဟုတ်... ငယ်ငယ်တည်းကတော့ ခလေးတည်းက ဖွေးဖွေးလို့ပဲခေါ်ကြတယ်။ ကျောင်းမှာကျတော့ ရွှေရည်ကိုဦးလို့ ခေါ်တာပေါ့နော်။ မွေးတာကတော့ ရန်ကုန်မှာပဲမွေးတာ။ အမေတို့၊ အဖေတို့ကတော့ အကုန်လုံးမိုးကုတ်ကပါ။

အမက ထူးထူးခြားခြားလေးနဲ့ ချစ်ဖို့ကောင်းတယ်နော်။ အဲ့တော့ အမက တိုင်းရင်းသွေးတွေ ဘာတွေ ကော စပ်လားမသိဘူးရှင့်။
အင်း။ မိုးကုတ်ဆိုတော့ မိုးကုတ်ရှမ်းတော့ စပ်တာပေါ့နော်။ တောင်ကြီးရှမ်းတော့ မဟုတ်ဘူး။ မိုးကုတ်ဘက်မှာတော့ ရှမ်းနည်းနည်းစပ်တယ်။

အမ အနုပညာကို ဘယ်အချိန်တည်းကစပြီး ၀ါသနာပါခဲ့တာပါလဲရှင်။
တစ်ကယ်တမ်းပြောရရင်တော့ ဟိုးငယ်ငယ်လေးကတည်းက အဆိုတော်ဖြစ်ချင်တာ။ ကြီးလာတဲ့အထိလည်း အဆိုတော်ပဲဖြစ်ချင်တယ်။ ကြီးလာတော့ကျတော့ ဓါတ်ပုံတွေဘာတွေ ရိုက်ဖြစ်ရင်းနဲ့ ဒီသရုပ်ဆောင်ဘက်ကို ၀ါသနာပါသွားတာပေါ့နော်။ အဓိကဖြစ်ချင်တာကတော့ အဆိုတော်ဖြစ်ချင်တာပေါ့။

ဒီအနုပညာလောကထဲကို ဘယ်လိုစတင် ခြေလှမ်းခဲ့လဲဆိုတာလည်း သိပါရစေရှင်။
အင်း.. ၂၀၀၇ ခုနှစ်အတွက် MAX Calender ရိုက်ရင်းနဲ့ ဒီအနုပညာလောကထဲကို ရောက်လာတာ။ စစချင်းတုန်းကတော့ တစ်နှစ်ကျော် လောက်က ဓါတ်ပုံတို့၊ MTV တို့လောက်ပဲရိုက်ဖြစ်တယ်။ နောက်ပြီးကျမှ အဲဒီ့ TV Commercial တွေ၊ Video တွေ၊ Film တွေရိုက်ဖြစ်တာ။

အမက YDNB အဖွဲ့မှာလည်း သီချင်းဆိုခဲ့သေးတယ်နော်။ အဲဒီတော့ YDNB အဖွဲ့နဲ့ ဘယ်လိုများ လက်တွဲခဲ့လဲဆိုတာ သိပါရစေရှင်။
(ရယ်လျှက်) ဟို... သူတို့နဲ့က လက်တွဲတာတော့ မဟုတ်ဘူးရှင့်။ ပြောရမယ်ဆိုရင် အရမ်းခင်တယ်ပေါ့နော်။ သူတို့ထဲက ကောင်လေး တစ်ယောက်ရဲ့ ကောင်မလေးက ဖွေးနဲ့အရမ်းခင်တယ်။ ကျောင်းမှာ စာအတူတူ လုပ်ဖော်လုပ်ဖက်တွေပေါ့နော်။ အဲတော့ သူတို့ line က ဖွေးဖွေး line လည်း မဟုတ်ဘူးလေ။ ဒါပေမယ့် music က music ပဲပေါ့နော်။ line တွေဘာတွေ မခွဲတော့ဘူးဆိုပြီးတော့ သူတို့က တစ်ကြောင်းလောက်ပဲ ၀င်ပြောပေးတဲ့။ ဘာမှဆိုစရာ မလိုဘူးတဲ့။ You're my ice-cream ဆိုတဲ့ တစ်ကြောင်းပဲ ၀င်ပြောပေးဆိုတော့ အဲဒါ တစ်ကြောင်းတည်း ၀င်ပြောဖြစ်ရင်းနဲ့ အဲ့မှာ.. အဲ့သီချင်းက ပေါက်သွားတာပေါ့နော်။ အဲတော့ လက်တွဲတယ်လို့ တစ်ချို့တွေက ထင်သွား ကြတာ။ အမှန်တစ်ကယ်တော့ အဲဒီတစ်ကြောင်းပဲ ၀င်ပြောလိုက်တာ။ ဘာမှအပန်းမကြီးပါဘူး။

2ဒါဆို YDNB နဲ့ ဆက်ပြီးတော့ သီချင်းဆက်လုပ်ဖို့ကော ရှိပါသေးလားရှင့်။
အမ်း... နောက်ပိုင်းမှာတော့ ရှိရင်ရှိလိမ့်မယ်။ ဖွေးဖွေးက အဲဒီ့ rock.. အခု album အတွက် စီစဉ်နေတာဆိုတော့ rock လည်းပါချင်တယ်။ နောက်ပြီးတော့ အဲဒီ့ dance music ကိုလည်း rock နဲ့ စပ်ပြီးတော့ နည်းနည်းလုပ်ချင်တယ်ဆိုတော့ သူတို့က အဲ့ဘက် line က လူတွေဆိုတော့ သူတို့နဲ့တိုင်ပင်ဖို့တော့ရှိတယ်။

အမ ဘယ်လို music အမျိုးအစားမျိုးကို ၀ါသနာပါလဲ၊ ကြိုက်လဲဆိုတာလည်း ပြောပြ ပေးပါဦးရှင်။
ကိုယ်တစ်ကယ်တမ်း အားသန်တာကကျတော့ rock ပေါ့နော်။ ဟို.. အရမ်းကြီး။ စိတ်ကိုက ဘယ်လိုလည်းဆိုတော့ လူလက်ခံမယ့်အရာ၊ လူလက်ခံမယ်လို့ လုံးဝ 100% sure ဖြစ်နေတဲ့ဟာတွေကို သိပ်ပြီးတော့ ရင်သိပ်မခုန်ဘူး။ ပုံစံကအစ မင်းသမီးဆိုလို့ ရှိရင် ဆံပင်ရှည်ရှည်လေးနဲ့ အဲ့လို wavy hair ပေါ့နော်။ ပြီးလို့ရှိရင် မိန်းကလေးဆန် ဆန်လေးဆိုလို့ရှိရင်အကုန်လုံးလက်ခံမယ်ဆိုတာသိပေမယ့် နည်းနည်းစွန့်စားချင်တယ်။ အဲတော့ ဆံပင်တွေဘာတွေဆိုလည်း အတိုညှပ်တယ်။ နောက်ပြီးတော့ သီချင်းဆိုလို့ ရှိရင်လည်း pop ချိုချိုလေးတွေဆိုရင် လူတိုင်းလက်ခံမယ် ဆိုတာသိပေမယ့် အဲ့လိုမျိုး rock ကြမ်းကြမ်းတွေကိုလည်း နည်းနည်းချပြချင်တယ်။ အဲ့လိုမျိုးပေါ့။ စွန့်စားရတာ ကြိုက်တယ်ဖွေးက။

အမ တစ်ကိုယ်တော် album ထွက်မယ်လို့လည်း သိရပါတယ်ရှင်။ အဲတော့ ဘယ်တော့ထွက်မလဲ၊ ဘယ်လိုသီချင်းအမျိုးအစားတွေပါတယ် ဆိုတာလည်း ပြောပြပေးပါဦး။
သီချင်းကတော့ rock ကတော့ အဓိကပါမှာပေါ့နော်။ တခြားနည်းနည်း ထူးထူးခြားခြားလေးတွေလည်း လုပ်ဖို့အစီအစဉ်ရှိတယ်။ ဒါပေမယ့် နောက်မှပဲ ပြောပြတော့မယ်။

ဘယ်သူတွေ featuring ပါဦးမယ်ဆိုတာလည်း သိပါရစေ။
လောလောဆယ်တော့ ဖွေးတစ်ယောက်တည်းပဲ။ (ရယ်လျှက်)

နောက် ဒီအနုပညာသက်တမ်းတစ်လျှောက်မှာပေါ့နော် အမကြုံတွေ့ခဲ့ရတဲ့ အမှတ်တရ အဖြစ်အပျက်လေးတွေကိုလည်း ပြောပြပေးပါဦးရှင်။
အမ်း...... အမှတ်တရတွေကတော့ အများကြီးပဲ။ လောလောဆယ် အမှတ်တရကကျတော့ အဲဒီ့ DVD တစ်ကားရိုက်တုန်းက ကိုနေတိုးနဲ့လေ။ ကန်ဘောင်ပေါ်မှာ ရွံ့ဗွက်ထဲမှာ ချော်လဲတဲ့အခန်းရိုက်ရတယ်။ အဲဒါ director က ကိုဝိုင်းဆိုတော့ သူကလုံးဝ fake လုပ်တာ မကြိုက်ဘူးလေ။ ဟန်ဆောင်တာတွေဘာတွေ လုံးဝမကြိုက်ဘူး။ တစ်ကယ်လဲရမယ်။ တစ်ကယ်လဲမှာ အားပါမယ်ဆိုပြီးတော့ တစ်ကယ်လဲတာ။ ၇ ခေါက်၊ ၈ ခေါက်လောက် ပြန်လဲရတယ်။ မျက်နှာနဲ့ကျတာ။ (ရယ်လျှက်) အဲ့မှာ အဲ့ဒီရေဗွက်ထဲက သံဆူးသွားတယ်။ အဲ့ဒါတော့ အမှတ်တရပဲ.. ဟုတ်ကဲ့။

3ာက်ဒီအနုပညာလောကမှာ အမလျှောက်လှမ်းလာတာ ကာလတစ်ခု ရှိနေပြီဆိုတော့ ရင့်ကျက်မှုတော့ ရှိလာပြီပေါ့နော်။ ဘယ်လိုကွာခြားမှုတွေ၊ ရင့်ကျက်မှုတွေရှိလဲဆိုတာ ကိုလည်း ပြောပြပေးပါဦးရှင်။
အရင်တုန်းကဆိုရင်ကျတော့ ကိုယ်က၀ါသနာပါနေတာပဲရှိတယ်။ သရုပ်ဆောင်ချင်တယ်၊ ကြော်ငြာရိုက်ချင်တယ်၊ MTV ရိုက်ချင်တယ်၊ သီချင်းဆိုချင်တယ်။ ဒါပဲရှိတယ်လေ။ လူတွေနဲ့ ဆက်ဆံပုံ၊ ဆက်ဆံနည်းတွေကို ကိုယ်ကမသိဘူး။ အစပိုင်းကျတော့ ကိုယ့် ဘာသာကိုယ် နေတတ်သလိုပဲ နေတာများတယ်ပေါ့နော်။ အဲ့တော့ ဒီလောကမှာအဲ့လို အထင်အမြင်လွဲတာလေးတွေဘာတွေရှိတယ်။ ဖွေးဖွေးကမျက်နှာမာတယ်ပေါ့။ နောက် ဖွေးဖွေးကစကားပြောလို့ရှိရင် တိုတိုပြတ်ပြတ်ကြီးပေါ့။ ဆက်ဆံရေးမကောင်းဘူးပေါ့နော်။ (ရယ်လျှက်) နောက်ပိုင်းကျတော့ အဲ့လိုမျိုးနည်းနည်း ရင့်လည်းရင့်ကျက်လာပြီဆိုတော့ လူတွေနဲ့အဲ့လို အထိုက်အလျှောက် ကိုယ့်ကြောင့်သူများစိတ်အနှောင့်အယှက်မဖြစ်အောင် ဆက်ဆံတတ်လာတယ်ပေါ့။ အဲ့ဒါတော့ ကွာပါတယ်။

နောက်အမအခုဇာတ်လမ်းတွေမှာလည်းသရုပ်ဆောင်နေပြီဆိုတော့ ဘယ်နှစ်ကားလောက် ရိုက်ပြီးပြီဆိုတာလည်း ပြောပြပေးပါဦး။
၂၅ ကား၊ ၂၇ ကားလောက်တော့ ရှိပြီရှင့်။

အဲ့ထဲမှာ ဘယ်ကားကို အားအရဆုံးဖြစ်မလဲ မသိဘူးနော်။
လောလောဆယ်တော့ ဖွေးဖွေးက ကားတိုင်းကိုတော့ အရမ်းကြိုးစားတယ်။ ကိုယ်ရိုက်နေတုန်းတော့ အရမ်းကြိုးစားလိုက်တာတွေကြီးပဲ။ ထွက်လာလို့ရှိရင် ကိုယ့်ဟာကိုယ်မကျေနပ်ဘူး။ တစ်ကားမှမကျေနပ်သေးဘူး။ လောလောဆယ်တော့ မထွက်သေးတဲ့ကားတစ်ကားထဲ ကပေါ့နော်။ မျက်ရည်အဘိဓါန် ဆိုတဲ့ကားလေးကို နည်းနည်းအားရသလိုရှိတယ်။ အဲ့မှာက deaf ပေါ့နော်။ ကိုယ်က နားမကြားတဲ့သူအဖြစ် သရုပ်ဆောင်ထားတယ်။ အဲ့ဒီ merry chapli ကျောင်းတွေဘာတွေ၊ deaf school တွေဘာတွေမှာသွားပြီးတော့ အဲဒီ့ကလေးတွေရဲ့ အမူအရာတွေ အကုန်လုံးကိုလေ့လာပြီးတော့ သရုပ်ဆောင်ထားတယ်။ director ကတော့ ၀ိုင်းပဲပေါ့နော်.. ဟုတ်ကဲ့။

အခု အမကသီချင်းဆိုတာရော၊ ကြော်ငြာမှာ သရုပ်ဆောင်တာနဲ့ နောက်ဇာတ်လမ်းတွေမှာ သရုပ်ဆောင်တဲ့ဟာတွေမှာ ဘယ်အလုပ်ကို အား အရဆုံးဖြစ်ပါသလဲရှင်။
အနုပညာဆိုရင် အကုန်လုံးကို ၀ါသနာပါပါတယ်။

အဲ့တော့ အမခံစားရတဲ့ ကွာခြားမှုလေးပေါ့နော်။ အဲ့ဒီခံစားချက်၊ ကွာခြားမှုလေးကိုလည်း သိပါရစေရှင်။
ကွာခြားတာကကျတော့ သရုပ်ဆောင်အလုပ်မှာဆိုလို့ရှိရင် ဖွေးဖွေးဆိုတာကို မေ့ထားရတယ်။ ဖွေးဖွေးရဲ့ ခံယူချက်ပေါ့နော်။ သရုပ်ဆောင် လို့ရှိရင် ကိုယ်ကနားမကြားတဲ့ character ပဲဖြစ်ဖြစ်၊ အရမ်းရက်စက်တတ်တဲ့ ကောင်မလေးပဲဖြစ်ဖြစ်၊ အရမ်းကို မိန်းကလေးဆန်တဲ့ ကောင်မလေးပဲဖြစ်ဖြစ်။ အဲ့လိုမျိုး character ပေါ်မှာပဲ ကိုယ်ကစိတ်နှစ်ထားတယ်။ ဖွေးဖွေးဆိုတာကို မေ့ထားရတယ်။ သီချင်းဆိုတာကျတော့ အဲ့လိုမဟုတ်ဘူး။ ဒီဘက်မှာ အရမ်းမွန်းကြပ်လာပြီဆိုလို့ရှိရင် သီချင်းဘက်ကိုသွားပြီး ပေါက်ကွဲလိုက်လို့ရှိရင် ဖွေးဖွေးအဖြစ်နဲ့ ပေါက်ကွဲ ရတယ်ပေါ့နော် သီချင်းကျတော့။ အဲဒီ ၂ ခုတော့ကွာတယ်။ သီချင်းကတော့ ပရိသတ်ရှေ့ကို မရောက်သေးဘူး။ ဒါပေမယ့် ရောက်နိုင်ဖို့တော့ ကြိုးစားနေတယ်။

4နောက် ဒီရုပ်ရှင်ရိုက်တဲ့အခါမှာရော ဇာတ်ကောင်စရိုက်ပီပြင်ဖို့ ဘယ်လိုများကြိုတင် ပြင်ဆင်ပါ သလဲရှင်။
စစပိုင်း ပထမဆုံးအနေနဲ့ ဇာတ်လမ်းဖတ်လိုက်တယ်ပေါ့နော်။ ဖတ်ပြီးလို့ရှိရင် ဇာတ်လမ်းမတိုင် ခင် တစ်ပတ်လောက်မှာ scene တိုင်းအတွက် အ၀တ်အစားကို စီစဉ်ရတယ်။ ပြီးတော့ လူရဲ့ ပုံစံပေါ့။ လူရဲ့ပုံစံကို ပြောင်းပစ်ရတယ်။ နောက်ပြီးတော့ dialogue တွေကို အလွတ်ရလု နီးပါးဖတ်ရတယ်။ နောက် တကယ် On scene ရောက်သွားပြီဆိုရင်တော့ အ၀တ်အစားတွေ၊ ပုံစံတွေကို မပူတော့ဘူး။ အမူအရာနဲ့ character ၀င်ဖို့အတွက်ပဲ အာရုံစိုက်တာများတယ်။

နာက် ၀ါရင့်သရုပ်ဆောင်တွေနဲ့တွဲပြီး သရုပ်ဆောင်ရတဲ့ အခါမှာရော အမစိတ်ထဲမှာ ဘယ်လို ခံစားရပါသလဲ။
စစပိုင်းတုန်းကတော့ နည်းနည်းအားနာတာပေါ့နော်။ ကိုယ်ကလည်း အသစ်ဆိုတော့၊ အရမ်း လည်း မကျွမ်းကျင်သေးဘူးဆိုတော့ အဲလို dialogue မှားတာတွေ၊ နောက်ပြီး ကိုယ့်ကို စောင့်ရတာတွေ ဖြစ်မှာအရမ်းဆိုးတယ်။ နောက်ပြီး ကြောက်တဲ့စိတ်တွေ အရမ်းများတယ်။ နောက်ပိုင်းကျတော့ ဘယ်အလုပ်မှာမဆို tension ရယ်၊ pressure ရယ် အရမ်းမထားတာ ကောင်းတယ်လေ။ အဲဒီ့ကြောက်တဲ့စိတ်တွေ ဖျောက်နိုင်တော့ကျတော့ အဆင်ပြေသွားပါတယ်။ အကုန်လုံးကလည်း ဖေးဖေးမမ လက်တွဲခေါ်ကြတယ်။

အမရဲ့ ၀တ်စားဆင်ယင်မှု design တွေကလည်း သူများနဲ့မတူပဲနဲ့ ထူးခြားတယ်နော်။ အဲဒီတော့ ကိုယ်တိုင်ပဲ ပြင်ဆင်တာလား။ Designer ရော ရှိပါသလားရှင်။
ကိုယ်တိုင် ပြင်ဆင်တာလားဆိုတော့ အင်း... ၂ ယောက်ပေါင်းပေါ့နော်။ ကိုယ်ကလည်း အင်္ကျီမှမချုပ်တတ်တာ။ (ရယ်လျှက်) အဲတော့ magazine တွေဘာတွေ ကြည့်တယ်။ နောက်ပြီးတော့ character ပေါ်မှာ မျက်လုံးလေးမှိတ်ပြီးတော့ စိတ်ကူးယဉ်လိုက်တယ်။ သူဆို ဘယ်လိုဝတ်မလဲပေါ့။ ပြီးလို့ရှိရင် designer က ပင်တိုင်ချုပ်ဖြစ်တာကတော့ မသက်နှင်းအေး (tool zo) နဲ့ ကိုမင်းသက်စံ (sweet & smart) နဲ့။ သူတို့ ၂ ယောက်နဲ့တော့ ပုံမှန်ချုပ်ဖြစ်တယ်။ သူတို့နဲ့ တိုင်ပင်တာပေါ့နော်။

fashion design နဲ့ ပက်သက်ပြီးတော့ အားကျအတုယူရတဲ့ ပြည်တွင်းပြည်ပက အနုပညာရှင်တွေရှိရင်လည်း ပြောပြပေးပါဦးရှင်။
အတုယူရတာကတော့ အကုန်လုံးပါပဲ။ အကုန်လုံးကို သူတို့ဘယ်နေရာမှာ ဘယ်လိုဝတ်တယ်။ မအူဝဲဆိုရင်လည်း အ၀တ်အစားရော၊ အမူအရာရော အရမ်းကိုကောင်းတာပေါ့။ တကယ်အတူယူစရာ ကောင်းတယ်ပေါ့နော်။ နောက်ပြီး ပြည်ပမှာဆိုလို့ရှိရင်တော့ မင်းသမီးတိုင်း ပါပဲ။ သူတို့က costume designer က သက်သက်ရှိပြီးသားဆိုတော့ ကိုယ်တိုင်က ခေါင်းစားစရာမလိုဘူး။ သူတို့ဝတ်တဲ့ အ၀တ်အစားကိုက character ပေါ်မှာမိပြီးသား။ အဲဒါတွေက အတုယူစရာကောင်းတယ်။ ဒီမှာကတော့ နည်းနည်းပိုအားထုတ်ရတာပေါ့နော်။ နောက်ပြီးတော့ မင်းသမီးမဟုတ်တဲ့ထဲကဆိုရင် Princess Diana တို့ဘာတို့ဆိုရင် အမြဲတမ်း smart ကျနေတာတို့ဘာတို့။ သူတို့ကိုတော့ ကြည့်ဖြစ်တယ်။

8

အမရဲ့ အသားအရည်နဲ့ ခန္ဓာကိုယ်ကလည်း အရမ်းလှတယ်နော်။  အဲတော့ Celebrity တစ်ယောက်အနေနဲ့ အသားအရည်နဲ့ ခန္ဓာကိုယ်လှပဖို့ အနေအထိုင် အစားအသောက်ကို ဘယ်လိုဂရုစိုက်တယ်ဆိုတာလည်း ပြောပြပေးပါဦးရှင်။
အသားအရည်လှအောင်တော့ မှန်မှန်အိပ်တယ်။ နောက်ပြီးတော့ stress အရမ်းမထားဘူး။ stress ကတော့ ရှိတာပေါ့နော်။ ရှိပြီဆိုလို့ ရှိရင်လည်း ၁၀ မိနစ်လောက်နဲ့ မြန်မြန်ပျောက်အောင်လို့ အပြီးစိတ်ညစ်ပလိုက်တယ်။ အရင်တုန်းကဆိုရင် ဖွေးဖွေးက အရမ်းစိတ်ညစ်တတ် တာလေ။ စိတ်ညစ်စရာတစ်ခုကြုံပြီ၊ မနက်ကြုံပြီဆိုရင် ညနေထိဝမ်းနည်းလို့ မပြီးတော့ဘူး။ အဲ့လိုမျိုး အကျင့်ရှိတယ်။ အဲတော့ နောက်ပိုင်းကျတော့ မြန်မြန်စိတ်ညစ်ပြီး မြန်မြန်ဖျောက်တတ်အောင်ပေါ့။ အကယ်လို့ ညစိတ်ညစ်တယ်ဆိုလို့ရှိရင် ညငိုမိလို့ရှိရင် မနက်ဆိုရင် မျက်နှာတွေက အသားအရည်ပွပြီးတော့ မလှတော့ဘူး။ အဲတော့ စိတ်ညစ်တိုင်း စိတ်ထိန်းနိုင်အောင် ကြိုးစားတယ်။ နောက်ပြီးတော့ ခန္ဓာကိုယ်အတွက်ကတော့ သိပ်ပြီးတော့မထိန်းဖြစ်ဘူး။ စားတာပဲ။ ကျန်းကျန်းမာမာဖြစ်ပြီးတော့ ကြံ့ခိုင်တဲ့ပုံစံမျိုးကို ဖွေးဖွေးကပိုပြီးတော့ ကြိုက်တယ်။ ဒီလိုမျိုး ပိန်ပိန်သေးသေးလေးထက်စာရင်။ (ရယ်လျှက်)

5အခုလို နိုင်ငံကျော် အနုပညာသမားတစ်ယောက်ဖြစ်လာတဲ့အခါ သာမန်အရပ်သူဘ၀ကို ပြန် တမ်းတမိလား။ နောက် ပြန်ပြီးတော့ လိုချင်မိတာတွေရော ရှိလားမသိဘူးရှင်။
အဲ့လိုတော့ မရှိပါဘူး။ ကိုယ်ရောက်လာလို့ ကိုယ်ဒီအခြေအနေထိရောက်အောင် ကြိုးစားပြီး တော့ ရလာတဲ့ကိစ္စတိုင်းကို အကုန်လုံးကို ကျေနပ်ပါတယ်။
အခုအချိန်မှာ အမသာ အနုပညာအလုပ်တွေ မလုပ်ဘူးဆိုရင် ဘယ်လိုအလုပ်မျိုးတွေ လုပ်နေ မလဲမသိဘူးရှင့်။
အနုပညာအလုပ်တွေ မလုပ်ဘူးဆိုရင် ကျောင်းသွားတတ်ဖြစ်မယ်ထင်တယ်။ ဖွေးဖွေးက အဲဒီအနုပညာအလုပ်အပြင် fashion design လည်း စိတ်ဝင်စားတယ်။ နောက်ပြီးတော့ အဓိကက အခုစိတ်ဝင်စားနေတာ အဲဒီ့ ဖိနပ်တို့၊ အိတ်တို့လေ။ အဲဒီ့ design school တွေမှာ သွားတတ်ချင်တယ်။ ဖိနပ်ချုပ်တာတွေ၊ အိတ်ချုပ်တာတွေ။ အဲ့လို အရမ်းစိတ်ဝင်စားတယ်။ ပြီးရင် ကိုယ်ပိုင် brand နဲ့ အဲ့လို အရမ်းထုတ်ချင်တယ်။

ဟုတ်ကဲ့။ နောက်အမက အနုပညာအလုပ်တွေနဲ့ ရှုပ်နေတာဆိုတော့ အားလပ်ချိန်တွေမှာ ကော ဘယ်လို အသုံးချဖြစ်ပါသလဲ။
အားလပ်ချိန်တွေမှာတော့ အိပ်တယ်။ စားတယ်။ (ရယ်လျှက်) ပြီးတော့ကျတော့ DVD ကြည့်တယ်။ အဲ့လောက်လောက်ပါပဲ။ အပြင်သွား တာတော့ နည်းပါတယ်။

ဒီအနုပညာလောကထဲကို ၀င်တဲ့အချိန်မှာ အမအနေနဲ့ အခက်အခဲတွေ တွေ့ရမှာပါပဲရှင်။ အဲဒီအခက်အခဲတွေကို ဘယ်လိုစိတ်တွေနဲ့ ကျော် ဖြတ်ခဲ့သလဲဆိုတာလည်း ပြောပြပေးပါဦးရှင့်။
အခက်အခဲကတော့ ကိစ္စတိုင်းမှာရှိတာပဲ။ ဒီမှာလည်းအဲ့လိုပဲ။ ခုနကပြောသလိုပေါ့။ ဖွေးက ကျောင်းပြီးတာနဲ့ ဒီလောကထဲ တန်းရောက်သလို ဖြစ်သွားတော့ ပေါင်းသင်းဆက်ဆံရေး သိပ်မတတ်ဘူး။ မတတ်တော့ကျတော့ အဲ့လိုမျိုးပေါ့နော်။ အထင်လွဲစရာမျိုးတွေ ဖြစ်တာမျိုး လေးတွေတော့ ရှိတယ်။ ပြီးတော့ ကိုယ်က ဘယ်လောက်ကြိုးစားချင်နေပေမယ့်လည်း အသစ်တွေကလည်း အများကြီးပဲဆိုတော့ အဲဒီ့ကြားထဲကမှ ကိုယ့်ကြိုးစားမှုကိုပေါ်လွင်အောင် ကြိုးစားရတာပေါ့နော်။

အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာကော၊ တကယ့်လက်တွေ့ဘ၀တွေမှာပါ korea fashion တွေက အရမ်းကို လွှမ်းမိုး လာတယ်ပေါ့နော်။ အဲဒီ့အပေါ်မှာလည်း အမရဲ့အမြင်လေး သိပါရစေရှင်။
ကောင်းပါတယ်။ korea design, korea design ဆိုပြီး ၀တ်နေတာထက်စာရင်တော့ myanmar design ဆိုပြီးတော့ သက်သက်လေး ရှိသွားရင်တော့ ကောင်းတာပေါ့နော်။ ဒါပေမယ့်လည်း ကိုယ်တွေဘက်က အဲ့လိုမျိုး International ကို မရောက်နိုင်ဘူးဆိုတော့လည်း မူပိုင် design ဆိုတာတော့ ဖြစ်လာမှာမဟုတ်ဘူး။ မရောက်နိုင်သေးသရွေ့ပေါ့နော် Internation ကို။ အဲတော့ ကောင်းပါတယ်။ တခြားနိုင်ငံတွေ တိုးတတ်ပြီးတော့ ဒီဘက်ကို သူတို့ရဲ့အတုယူစရာတွေ မရောက်လာတာထက်စာရင်တော့ ရောက်လာတာကောင်းတာပေါ့။

6အခုတလောမှာ ပရိသတ်တွေက အမရဲ့ဆံပင်ပုံစံနဲ့ ပက်သက်ပြီးလည်း ပြောကြတယ်ပေါ့နော်။ အဲဒီတော့ အမရဲ့ hair style အပေါ် ခံယူချက်လေးကိုလည်း ပြောပြပေးပါဦးရှင်။
hair style ကတော့ ငယ်တုန်းလုပ်ရတာပဲ။ ကြိုက်တာလုပ်ကြပါလို့။ (ရယ်လျှက်) နောက်ပြီးတော့ သူများတွေကိုလည်း မလိုက်ဘူးတို့ဘာတို့ တခြားသူတွေရဲ့ ထင်မြင်ချက်ကို မေးနေမယ့်အစား ကိုယ်စိတ်ချမ်းသာမယ့် အရာကိုပဲ လုပ်ကြပါလို့ ပြောချင်ပါတယ်။
အမရဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပြောပြပေးပါဦးရှင်။
နောက်ထပ်တော့ ကားတွေဆက်တိုက် လက်ခံထားတယ်။ နောက်ပြီးတော့ billboard တွေလည်း ရိုက်ထားတယ်။ ကြော်ငြာတွေလည်း ရိုက်ထားတယ်။

အမရဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုဆိုရင်ရော ဘာဖြစ်မလဲရှင်။
စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ ကိုယ်ပိုင်ကိုယ်နိုင်ဖြစ်ချင်တယ်။ (ရယ်လျှက်) ကိုယ့်ဘ၀ကိုယ် ပိုင် တယ်ပေါ့။ သွားချင်တဲ့နေရာဆိုလည်း ထသွားလိုက်တယ်။ လုပ်ချင်တဲ့အလုပ်ဆိုလည်း လုပ်လိုက် တယ်။ အဲ့လိုမျိုးပေါ့။ ကိုယ်ဖြစ်ချင်တာတိုင်း ဖြစ်ရတဲ့ဘ၀မျိုးဖြစ်ချင်တယ်။

အနုပညာအလုပ်အပြင် တစ်ခြားအလုပ်တွေလုပ်ဖို့ရော စိတ်ကူးရှိပါသလား။
ရှိပါတယ်။ အဲ့ဒါကတော့ ကြိုမပြောချင်သေးဘူး။ (ရယ်လျှက်)

နောက်တခြား charity အလုပ်တွေကော အမလုပ်ဖို့ စိတ်ကူးထားတာတွေ ရှိပါသလား။ လုပ်ကော လုပ်ဖြစ်ပါသလားရှင်။
အင်း။ အခုလောလောဆယ်တော့ အဲ့လိုမျိုး ဒီမှာလောလောဆယ်ဖြစ်နေတာက foundation တွေ ထောင်ကြတယ်လေ။ ပညာရေး foundation တွေ၊ နောက်ပြီးတော့ သဘာဝကပ်ဘေး foundation တွေ၊ နောက်ပြီးတော့ ကိုရဲတိုက် foundation တို့၊ ကိုပြေတီဦး foundation တို့။ အဲ့ဒါမျိုး အကြီးကြီး မလုပ်ဖြစ်ပေမယ့်လည်း သေးသေးလေးတွေတော့ လိုက်လုပ်ဖြစ်တယ်။ မိဘမဲ့ကျောင်းမှာလှူတာတို့၊ ဆေးရုံမှာလှူတာတို့တော့ လုပ်ဖြစ်တယ်။ ၀ါသနာလည်းပါတယ်။ ကိုယ့်ကြောင့် တစ်ခြားသူတွေကို စိတ်ချမ်းသာအောင်လုပ်တာကို ၀ါသနာပါတယ်။

အနုပညာလောကမှာ အခုအမရောက်နေတဲ့နေရာကိုရော ကျေနပ်မှုရှိပြီသလားရှင်။ အဲဒီအောင်မြင်မှုကိုရော ဘယ်လိုဆက်လက် ထိန်းသိမ်း မယ်လို့ စဉ်းစားထားပါသလဲ။
မကျေနပ်သေးဘူး။ (ရယ်လျှက်) ကိုယ့်ဟာကိုယ်လည်း အောင်မြင်တယ်လို့လည်း မထင်သေးဘူး။ နောက်ပြီးတော့ လုပ်စရာတွေလည်း အများကြီးကျန်သေးတယ်လို့ ထင်သေးတယ်။ ဆက်ပြီးလည်း ကြိုးစားပါဦးမယ်။

7အခုခေတ်က Internet တွေ၊ Online တွေ ခေတ်စားနေတာဆိုတော့ အမကိုချစ်တဲ့ပရိသတ် တွေ အမကိုဆက်သွယ်လို့ရနိုင်မယ့် email / website ဒါမှမဟုတ် facebook တွေရှိရင်လည်း ပြောပြပေးပါဦးရှင်။
facebook မှာတော့ Phway Phway (ဖွေးဖွေး) ဆိုတဲ့ fan club က ရှိပါတယ်။ America က မိတ်ဆွေတစ်ယောက်က admin လုပ်ပြီး သူဖွင့်ပေးထားတာပေါ့နော်။ အဲ့မှာ ဖွေးကိုချစ်လို့ရှိရင် add လိုက်ကြပါလို့.. ဟုတ်ကဲ့။ (ရယ်လျှက်)

နောက်အမတို့လို အနုပညာရှင်တွေနဲ့ နိုင်ငံတကာက ပရိသတ်တွေကို ဆက်သွယ်ပေးနေတဲ့ ညီမတို့ Myanmar Youth Media Club လိုမျိုး Online Media တွေအပေါ် အမရဲ့အမြင်ကို လည်း ပြောပြပေးပါဦးရှင့်။
ဟုတ်။ အရမ်းကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ တတ်အားသရွေ့လေးပေါ့နော်။ လူမျိုး တိုင်း၊ ဘာသာတိုင်းက အားပေးကြတာ မဟုတ်ဘူးဆိုပေမယ့် မြန်မာအနုပညာရှင်တွေနဲ့ မြန်မာ လူမျိုးတွေနဲ့ ဒီမှာပဲရှိရှိ၊ နိုင်ငံခြားမှာပဲရှိရှိ မြန်မာလူမျိုးအချင်းချင်း အဆက်အသွယ်မပြတ် သွားအောင် ပေါင်းကူးတံတားလေးပေါ့။ ကောင်းပါတယ် Myanmar Youth Media Club က။

နောက်ဆုံးအနေနဲ့ အမကိုချစ်တဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပြပေးပါဦးရှင်။

ဖွေးကိုချစ်တဲ့ပရိသတ်အတွက် ဖွေးဆက်ပြီးတော့ ကြိုးစားသွားမှာပါလို့။ နောက်ဖွေးဖွေးလုပ်တဲ့ အလုပ်တွေထဲမှာ ပရိသတ်စိတ်တိုင်းမကျ တာတွေ၊ အမြင်မတော်တာတွေ ရှိလို့ရှိရင်လည်း ဝေဖန်နိုင်ပါတယ်။

အခုလို အနုပညာအလုပ်တွေနဲ့ မအားမလပ်တဲ့ကြားက ညီမမေးသမျှကို ဖြေကြားပေးတဲ့အမကို ညီမတို့ MYMC က အများကြီးကျေးဇူးတင်ပါ တယ်ရှင်။ နောက်လည်း အောင်မြင်မှုတွေရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
ဟုတ်ကဲ့.. ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ ဖွေးကလည်း အများကြီးကျေးဇူးတင်ပါတယ်။


အင်တာဗျူးကို အသံနှင့်နားထောင်ချင်တယ်ဆိုရင်တော့...



အင်တာဗျူးကို Video နဲ့ ကြည့်ချင်တယ်ဆိုရင်တော့...

No comments:

Post a Comment